ပရီးမီးယားလိဂ်ကစားသမားများရဲ့ တစ်နှစ်ပျမ်းမျှလစာ ပေါင် (၃)သန်းအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိ

ပရီးမီးယားလိဂ်ကစားသမားများရဲ့ တစ်နှစ်ပျမ်းမျှလစာ ပေါင် (၃)သန်းအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိ
Photos: EPA

ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးရဲ့ တစ်နှစ်ပျမ်းမျှလစာငွေဟာ ပေါင် (၃)သန်းအထက်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တယ်လို့ Global Sports Salary Survey ရဲ့ နောက်ဆုံးထွက်ရှိတဲ့ စစ်တမ်းအရ သိရပါတယ်။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ဘဏ္ဍရေးတောင့်တင်းမှုနဲ့ ကမ္ဘာ့အနှံ့လူကြိုက်များမှုကို ပေါ်လွင်စေတာလည်းဖြစ်ပါတယ်။

ပထမအသင်းရဲ့ ကစားသမားတစ်ယောက်အတွက် ပျမ်းမျှလစာမှာ တစ်ပတ်လျှင် ပေါင် (၆၁,၀၂၄) ရှိခဲ့ပြီး ဒီကိန်းဂဏာန်းဟာ (၂)နှစ်အတွင်း ပေါင် (၁၀,၀၀၀)ကျော် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Global Sports Salary (GSS) စစ်တမ်းကို globalsportssalaries.com ဝက်ဘ်ဆိုက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဓိက အားကစား (၅)မျိုးထဲက အသင်းပေါင်း (၃၅၀)သင်းရှိ ကစားသမားအယောက် (၁၀,၀၇၀) ရဲ့ လစာငွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အသင်းဟာ လစာငွေ နှစ်ဆကျော်ပေးချေနေရတဲ့ အသင်းဖြစ်ခဲ့ပြီး ကစားသမားတွေအနေနဲ့ အပိုဆုကြေးတွေ မပါဝင်သေးခင် ပျမ်းမျှတစ်ပတ် ပေါင် (၁၃၄,၀၀၀)၊ တစ်နှစ်လျှင် ပျမ်းမျှလစာ ပေါင် (၆.၉၈)သန်း ရရှိနေတာလည်းဖြစ်ပါတယ်။

GSS စစ်တမ်းအရ ဂွာဒီယိုလာရဲ့ အသင်းဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ကစားသမားလစာအများဆုံးပေးချေနေရတဲ့ ထိပ်ဆုံးအသင်းဖြစ်ပြီး ကမ္ဘာ့အားကစားအသင်းတွေထဲမှာတော့ အဆင့် (၁၃)နေရာမှာ ရပ်တည်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ကမ္ဘာ့အားကစားလောကမှာ ကစားသမားလစာအများဆုံးပေးချေနေရတဲ့ အသင်းအဖြစ် ဆက်လက်ရှိနေပါတယ်။ လာလီဂါချန်ပီယံအသင်းမှာ ၂၀၁၉-၂၀ ရာသီအတွက် ပထမအသင်းရဲ့ ပျမ်းမျှအခြေခံလစာပေးချေမှုမှာ တစ်နှစ်လျှင် ပေါင် (၉.၈၃)သန်းဖြစ်ပါတယ်။

ယခုနှစ်ရဲ့ စစ်တမ်းမှာ ရီးယဲလ်အသင်းကတော့ ပေါင် (၈.၉)သန်းနဲ့ ဒုတိယနေရာမှာ ဆက်လက်ရှိနေပြီး ဂျူဗင်တပ်စ်အသင်းမှာ ပေါင် (၈.၀၈)သန်းနဲ့ အဆင့် (၉)နေရာက အဆင့် (၃)အထိ မြင့်တက်လာပါတယ်။ ဒါဟာ တစ်နှစ်အခြေခံလစာသာ ပါဝင်ပြီး စာချုပ်ချုပ်ဆိုကြေး၊ သစ္စာစောင့်သိတဲ့ ဆုကြေး သို့မဟုတ် စွမ်းဆောင်ရည်အတွက် ပေးချေရတဲ့ ဆုကြေးတွေ မပါဝင်ပါဘူး။

NBA မှ ဘက်စကတ်ဘောအသင်းတွေထဲမှာ  Portland Trailblazers အသင်းက ပေါင် (၈.၀၃)သန်းနဲ့ ထိပ်ဆုံး (၁၀)သင်းစာရင်းမှာ အဆင့် (၄)မှာ ရပ်တည်ပြီး ဘက်စကတ်ဘောအသင်းတွေထဲမှာ လစာငွေအများဆုံးပေးချေနေရတဲ့ အသင်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်စာရင်းမှာ ထိပ်ဆုံးအသင်း (၂၀)အနက် (၁၅)သင်းဟာ NBA ဘက်စကတ်ဘောအားကစားမှဖြစ်ပြီး (၅)သင်းကတော့ ဥရောပဘောလုံးလောကမှ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ပေါင် (၆.၂၅)သန်းနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ ဒုတိယနေရာနဲ့ ကမ္ဘာ့အဆင့် (၃၃)နေရာမှ ရပ်တည်ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ကစားသမားလစာအနည်းဆုံးအသင်းမှာ ရှက်ဖီးယူနိုက်တက်ဖြစ်ပြီး ကစားသမားတစ်ယောက်အတွက် တစ်နှစ်လျှင် ပေါင် (၇)သိန်းကျော်သာ အသုံးပြုနေရတာဖြစ်ပါတယ်။

Ref; The Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly