ဗစ်တိုးရီယားအမှုအတွက် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်

By ဆုမြတ်မေဇော် နန်းခမ်းဟေမာန်
23 December 2019
ဗစ်တိုးရီယားအမှုအတွက် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဒီဇင်ဘာ၂၃ ။        ။ ဗစ်တိုးရီးယားအမှုအတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ ကျင့်ဝတ်နှင့် ဥပဒေကို ချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ပြည်သူ (၂၀၀)ဝန်းကျင်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့  မွန်းလွဲ ၃ နာရီခန့်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှ အနော်ရထာလမ်းတလျှောက် စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

 “မင်းတို့မျက်နှာလည်း ငါမကြည့်ချင်ဘူး၊ ငါ့မျက်နှာလည်း ငါမကြည့်ချင်ဘူး ဖြစ်နေပြီ၊ ဘာလို့ မင်းတို့ကို မကြည့်ချင်လည်း ဆိုတော့ မင်းတို့က တလွဲတွေလုပ်လို့ ငါမျက်နှာ ငါဘာလို့ မကြည့်ချင်လည်းဆိုတော့ တို့က ဘာမှမတက်နိုင်ဘူး ဖြစ်နေတယ်၊ ပြည်သူ့အားနဲ့ယူပြီး လုပ်နေရတယ်”ဟု ဆန္ဒပြပွဲတွင် လာရောက်ဝန်းရံသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

 ကျင့်ဝတ်နှင့် ဥပဒေကို ချိုးဖောက်သည့် ရဲအရာရှိများကို အရေးယူပေးရေး၊ ဗစ်တိုးရီးယားအမှု တရားမျှတမှု ဖော်ဆောင်ရေး ဒို့အရေး၊ ရဲတပ်ဖွဲ့ ဥပဒေမဲ့လုပ်ရပ်များ ဆန့်ကျင်ကြဟု ဆန္ဒပြပြည်သူများက ကြွေးကြော်ခဲ့ကြသည်။

 ဆန္ဒပြပွဲ ဦးဆောင်သူတစ်ယောက်အနေနှင့် ပါဝင်ခဲ့သည့် ဒေါ်ပန်ပန်က မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုကို အလ ိုရှိသည့် ပြည်သူတစ်ယောက်အနေနှင့် ပါဝင်ခြင်း ဖြစ်သည်ဟု ၎ကဆိုသည်။

 “အန်တီကိုယ်တိုင်လည်း အသက် ၇၀ ကျော်ပြီ အန်တီမှာ သားတွေ မြေးတွေ အများကြီးရှိတယ်။ ၇၊၈ နှစ်အရွယ် မြေးတွေလည်း ရှိတယ် ဒီ၂နှစ်ခွဲအရွယ် ကလေးလေးကို အညွန့်ချိုးပြီးတော့ လုပ်တဲ့အပြင် ဒီကလေးလေးရဲ့ဘဝ တလျှောက်လုံးကို နံမည်တွေပါ ထုတ်ဖော်ပြောဆိုပြီး တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်တာကို ဘယ်လိုမှမနေနိုင်ဘူး” ဟု  ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဒေါ်ပန်ပန်က ဆိုသည်။

 ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမှုကို တရားရုံးရဲ့ စီရင်မှုအပေါ်သတင်းစာရှင်းလင်းပွဲ ပြုလုပ်အပြီး ဗစ်တိုးရီးယား၏ ကိုယ်ရေးအချက်အလက်များကို ရဲဇာနည်ပေ့ချ်မှတဆင့် ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူအများက ရဲတပ်ဖွဲ့ဝင်အချို့၏ လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြသည်။

 Victoria ဟု အမည်ပေးထားသည့် အသက်(၂)နှစ်အရွယ် မူကြိုကျောင်းသူအတွက် တရားမျှတမှုရှိရန် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူမှုပြုလုပ်ပြီး လျော်ကြေး၊ နစ်နာကြေးရရှိအောင် ဆက်လက်တောင်းဆိုသွားမည်ဟု လာရောက်ဝန်းရံသည့် ဥပဒေပညာရှင်များက ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly