မြိတ်မြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား ကျူးလွန်သူ သေကြောင်းကြံစည်

မြိတ်မြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား ကျူးလွန်သူ သေကြောင်းကြံစည်

မြိတ်၊ ဒီဇင်ဘာ (၂၃) ။           ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ကျောက်ဖျာ ကျေးရွာအုပ်စု၊ ဝန်ဖို့ကျေးရွာတွင် ဓားခုတ်မှု တစ်ခု ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးစဉ် ဥယျာဉ်ခြံ တစ်ခုအတွင်း မိမိ ကိုယ်ကိုယ် ကြိုးဆွဲချ သေကြောင်း ကြံစည်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ဉ်မှာ ရန်ငြိုးကြောင့် ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့ရဲစခန်းရုံး၏ မှုခင်းမှတ်တမ်းမှာဖော်ပြထား သလို ကျူးလွန်သူမှာ တရွာတည်းနေ အသက် ၃၅ နှစ်အရွယ်ရှိ မောင်ဇော် (ခ) အောင်ဇော်ဦး ဖြစ်ကြောင်း ကျောက်ဖျာ ကျေးရွာအုပ်စုအပိုင် ကျွဲကူးရဲကင်းစခန်းမှ စုံစမ်းသိရှိရသည်။

ကျွဲကူးရဲကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ် သန်းဌေးက “အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူက ထွက်ပြေး တိမ်းရှောင် သွားပါ တယ်၊ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေက လိုက်လံ ရှာဖွေ ဖမ်းဆီးချိန်မှာ ဥယျာဉ်ခြံအတွင်း သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေ တာကို တွေ့ရပါတယ်”လို့ ပြောသည်။

အထက်ပါ ဓားခုတ်မှုကြောင့် ဝန်ဖို့ကျေးရွာတွင် နေထိုင်သည့် ဦးဘဦး အသက် (၅၄) နှစ်သည်၊ ဝဲ/ယာပါးတွင် ပြတ်ရှ ဒဏ် ရာ၊ နဖူးထိပ် ပြတ်ရှ ဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ ပြတ်ရှ ဒဏ်ရာနှင့် ဝဲဘက် မျက်စိညိုမဲ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ဒေါ်သန်းနု အသက် (၅၁)နှစ်မှာ ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက် လက်ကောက်ဝတ် ပြတ်ရှ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာများ ရရှိထားသူ ၂ ဦးသည် မြိတ်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူ နေရကြောင်း ဆေးရုံးရှိ အရေးပေါ်ဌာနမှ တာဝန်ကျ ဆရာ/ ဆရာများထံမှ သိရသည်။

ကျောက်ဖျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုးလွင်က“ဖြစ်စဉ်က ဒီမနက်က ဖြစ်တာပါ၊ အကြောင်းအရင်းက အသေးစိတ် မသိ သေးပါဘူး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကတော့ လာရောက် စစ်ဆေးခဲ့တယ်”ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျွဲကူးရဲကင်းစခန်းမှ အခင်းဖြစ်စဉ်အား ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required