ONE Championship မှ မြန်မာ ကစားသမားများ ၎င်းတို့၏ ကြိုးဝိုင်းနာမည် ဘယ်လို ရခဲ့သလဲ

ONE Championship မှ မြန်မာ ကစားသမားများ ၎င်းတို့၏ ကြိုးဝိုင်းနာမည် ဘယ်လို ရခဲ့သလဲ

ကြိုးဝိုင်းနာမည် (Ring name) ဟူသည် နပမ်း၊ လက်ဝှေ့၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ စသည့် ကစားသမားများ အသုံးပြုလေ့ ရှိသည့် အမည်ခွဲ တစ်မျိုးဖြစ်သည်။ အများအားဖြင့် ၎င်းတို့၏ မူရင်း နာမည်များထက် ဆွဲဆောင်မှု ရှိစေရန် ဖြစ်စေ၊ မူရင်းနာမည်ကို ခေါ်ရ ခက်နေလျှင် ဖြစ်စေ၊ ပရိသတ်များ အလွယ်တကူ မှတ်မိနိုင်ရန် ဖြစ်စေ ကြိုးဝိုင်း နာမည်များကို မှည့်ခေါ်လေ့ ရှိကြသည်။ ONE Championship တွင် ယှဉ်ပြိုင်နေသည့် မြန်မာ ကစားသမားများ တွင်လည်း ကြိုးဝိုင်းနာမည်များ ကိုယ်စီ ရှိကြပြီး ၎င်းတို့၏ နာမည် များကို မည်သို့ ရရှိခဲ့သည် ဆိုသည့် အကြောင်းများကို စုစည်းတင်ပြ လိုက်ရပါသည်။

၁။ “မြန်မာစပါးအုံး” အောင်လအန်ဆန်

ONE ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန်သည် မြန်မာကစားသမား ထဲတွင် သာမက ONE Championship ပြိုင်ပွဲ တစ်ခုလုံး၏ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ်ပါ သတ်မှတ်နိုင်သူ ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားပြီး ချန်ပီယံ ကာကွယ်ပွဲ ၄ ပွဲဆက်တိုက် အနိုင်ရထားသူ အောင်လအန်ဆန်သည် နောက်ဆုံး ကစားခဲ့သည့် ပွဲတွင် ဟဲဗီးဝိတ် ချန်ပီယံ Brandon Vera ကိုပင် အနိုင်ယူထားသည်။ မကြာသေးမီကမှ ONE Championship နှင့် ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုထားသူ အောင်လအန်ဆန်သည် ၂ဝ၁၈ ၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုလည်း ရရှိထားသည်။

အောင်လအန်ဆန်၏ မြန်မာ စပါးအုံး ဟူသော ကြိုးဝိုင်းနာမည်မှာ ၎င်းငယ်စဉ်က အမေရိကန် ပြည်တွင်းပွဲများ ကစားနေစဉ် ကတည်းက ရရှိခဲ့သည့် နာမည်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ် ကတည်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ စဝင်လာခဲ့သူ အောင်လ အန်ဆန်သည် King of the Cage၊ Ring of Combat စသည့် ပြိုင်ပွဲများတွင် ကစားခဲ့ဖူးသည်။ ထိုစဉ်က ၎င်း၏ အထူးချွန်ဆုံး အရည် အချင်းမှာ ပြိုင်ဘက်ကို ပိုင်နိုင်စွာ ချုပ်ကစားပြီး ဖိအားပေး အနိုင်ယူခြင်း ဖြစ်သည်။ ထို့ကြောင့် သားကောင်ကို ကိုယ်ခန္ဓာဖြင့် ရစ်ပတ်ပြီး အနိုင်ယူ တတ်သည့် စပါးအုံးမြွေကြီး တစ်ကောင် ကဲ့သို့ အစွမ်းထက်သော အောင်လအန်ဆန်၏ အမည်ရှေ့တွင် “မြန်မာစပါးအုံး” ဟူသည့် ကြိုးဝိုင်းနာမည် ရရှိခဲ့ခြင်း ဖြစ်သည်။

၂။ “ဘူရှီဒို” ဖိုးသော်

မြန်မာ ကစားသမားများ ထဲတွင် အောင်လအန်ဆန် ပြီးလျှင် ONE Championship ပွဲအများဆုံး ကစားခွင့် ရထားသည့် “ဘူရှီဒို” ဖိုးသော်သည် ONE ဖယ်သာဝိတ်တန်းတွင် အလဲထိုး နိုင်ပွဲ အများဆုံး ရရှိထားသည့် ကစားသမားလည်း ဖြစ်သည်။ ရိုးရာလက်ဝှေ့ပညာကို အခြေခံကာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ဖိုးသော်သည် ONE ဖယ်သာဝိတ်တန်း မြန်မာတံခွန်စိုက် ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့ဖူးသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လေ့ကျင့်ရေးရုံဖြစ်သည့် Team PT ကို ဖွင့်လှစ်ထားသူ ဖိုးသော်သည် မျိုးဆက်သစ် ကစားသမားများကိုလည်း မြေတောင်မြှောက်ပေးလျက်ရှိသည်။

ဖိုးသော်၏ ကြိုးဝိုင်းနာမည် ဖြစ်သော “ဘူရှီဒို” ဟူသည့် အမည်နာမမှာ ဂျပန်ဘာသာစကားဖြစ်ပြီး အနိုင်မခံအရှုံးမပေးသည့် ဆာမူရိုင်း စိတ်ဓာတ်ဟု အဓိပ္ပါယ် ရသည်။ ဖိုးသော်သည် မြန်မာ့လက်ဝှေ့ အပြင် ကရာတေး ပညာရပ်ကိုလည်း နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည် အထိ တတ်ကျွမ်းသူ ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်က ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပသော နိုင်ငံတကာ ဖိတ်ခေါ် ကျိူရှင်း ကရာတေး ပြိုင်ပွဲတွင် ဖိုးသော်သည် ဘူရှီဒိုဆုကို ချီးမြှင့်ခြင်း ခံခဲ့ရဖူးသည်။ အင်္ဂလိပ်နှင့် ဂျပန် ဘာသာစကား နှစ်ခု တတ်ကျွမ်းသည့် ဖိုးသော်သည် မည်သည့်အခါမျှ အရှုံးမပေး (Never Give Up) ဟူသည့် အဓိပ္ပါယ်ရသော ဘူရှီဒို စာသားကို အမြတ်တနိုးဖြင့် ကြိုးဝိုင်းနာမည် ပေးခဲ့ခြင်း ဖြစ်သည်။

၃။ ဘိုဇီနာ “တိုတို” အန်တိုနီယာ

ONE Championship ၏ မြန်မာ ကစားသမားများထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ကစားသမား ဖြစ်သည့် ဘိုဇီနာ “တိုတို” အန်တိုနီယာသည် အသက် ၂၄ နှစ်သာ ရှိသေးသည့် လူငယ် ကစားသမား တစ်ဦးဖြစ်သည်။ စုစုပေါင်း ၅ ပွဲအထိ ယှဉ်ပြိုင်ပြီးချိန်တွင် ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ဟူသည့် ရလဒ်ကို ပိုင်ဆိုင်ထားပြီး အနာဂတ် အတွက် အလားအလား များစွာ ရှိနေသည့် ကစားသမား ဖြစ်သည်။ အနောက်တိုင်း လက်ဝှေ့ အားကစားဖြင့် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ် ၂ ကြိမ် ရခဲ့ဖူးပြီး မြန်မာ့ လက်ရွေးစင်အဖြစ် စခန်းသွင်းလေ့ကျင့် ခဲ့ဖူးသူ အန်တိုနီယာသည် ONE အမျိုးသမီး အက်တမ်ဝိတ်တန်းတွင် အမြန်ဆုံး အလဲထိုး စံချိန်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

အန်တိုနီယာ၏ “တိုတို” ဆိုသည့် ကြိုးဝိုင်းနာမည်သည် ၎င်း၏ နာမည်ရင်း ဖြစ်သော အန်တိုနီယာ ဆိုသည့် စကားလုံးမှ အဖျားဆွတ်၍ ရယူထားခြင်း ဖြစ်သည်။ အန်တိုနီယာကဲ့သို့ ရိုမန် ကတ်သလစ် ခရစ်ယာန် ဘာသာဝင် အသိုင်းအဝိုင်းတွင် ၎င်း၏ နာမည်မျိုးမှာ ပုံမှန် မှည့်ခေါ်လေ့ ရှိသည့် နာမည်မျိုး ဖြစ်သော်လည်း အခြား ဘာသာဝင်များ အတွက် အလွယ်တကူ မရင်းနှီးသည့် နာမည် ဖြစ်နေသည် ဟု၎င်းက ယူဆသည်။ ယင်းနာမည်ကို ကြားလျှင် မြန်မာဟု မထင်ကြဘဲ နိုင်ငံခြားသား တစ်ယောက်ဟု အထင်ခံရ သဖြင့် ပရိသတ်များ ပိုမို ခေါ်ရလွယ်စေရန် “အန်တိုနီယာ” ဆိုသည့် နာမည်မှ မှတ်မိလွယ်ပြီး အလွယ်တကူ လူတိုင်း ရင်းနှီးနိုင်သည့် “တို” ဆိုသည့် စကားလုံးကို အဖျားဆွတ်ကာ “တိုတို”ဟူသည့် အမည်ကို ၎င်းကိုယ်တိုင် မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

၄။ “Dragon Leg” တီရဲလ်ထန်

ယခုနှစ်တွင်မှ ONE Championship ပြိုင်ပွဲသို့ ရောက်ရှိလာသည့် မျက်နှာသစ် ကစားသမား ချင်းလူမျိုး “Dragon Leg” တီရဲလ်ထန် သည် ပွဲဦးထွက် နှစ်ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ အောင်လအန်ဆန်၏ လက်တွဲ ခေါ်မှုကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောထဲ ရောက်လာခဲ့သူ တီရဲလ်ထန်သည် ချင်းနပန်း ပြိုင်ပွဲများတွင် ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသလို ဂရိကိုရိုမန် နပမ်းတွင်လည်း နယူးယောက် ပြည်နယ် ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံး ကစားခဲ့သည့် ပွဲတွင် ONE Warrior Series မှ လက်စွမ်းပြပြီး တက်လာသည့် တောင်ကိုရီးယား နိုင်ငံသား ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူခဲ့သည့် တီရဲလ်ထန်သည် အနာဂတ် အတွက် အလားအလာ ကောင်းသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။

တီရဲလ်ထန်သည် ၎င်း၏ ကြိုးဝိုင်းနာမည် ဖြစ်သော Dragon Leg ဟူသည့် အမည်ကို ငယ်စဉ်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ ရက်တိုသင်တန်း တစ်ခု တက်ရင်း ရလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သီတင်းပတ် သုံးပတ်ကြာ တက်ရောက်ခဲ့ ရသည့် အဆိုပါ သင်တန်းတွင် သင်တန်း ဆရာက ၎င်းကို ချင်းလူမျိုး၊ မြန်မာ တစ်ဦးဖြစ်ကြောင်း သိခဲ့ပြီး သည့်နောက် ၎င်း၏ ဖိနပ်စီးပုံနှင့် ခြေထောက် အနေအထားကို ကြည့်ပြီး Dragon Leg ဟူသည့် အမည်ကို ပေးခဲ့သည်။ ယင်းအမည်သည် ၎င်း၏ အမှတ်အသား ကဲ့သို့ ဖြစ်လာပြီး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများ ပြိုင်သည့် အခါ ကြိုးဝိုင်းနာမည် အဖြစ် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly