တရုတ်မယားအဖြစ် လူကုန်ကူးခြင်း

By စိုင်းဝမ်စိုင်း
23 December 2019
တရုတ်မယားအဖြစ် လူကုန်ကူးခြင်း

ဒီဇင်ဘာ ၂၃ ။              ။ ကချင်နှင့်ရှမ်းပြည်နယ်များမှ အားကိုးရာမဲ့မိန်းမသားများအား ရှာဖွေခြင်းလက်ထပ်ထိမ်းမြားခြင်းဟာ ပျော်ရွှင်စရာကောင်းပြီး စိတ်ကူးယာဉ်ဆန်တယ်ဆိုတာကို မေ့ထားလိုက်ပါ။

ဇနီးမယားအဖြစ် လူကုန်ကူးခံရတဲ့ မိန်းမငယ်လေးတွေရဲ့ နှလုံးနာစရာကောင်းတဲ့အဖြစ်တွေကို လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ (Human Rights Watch - HRW) က မတ်လမှာ လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်ထုတ် The New York Times မှာ ဖော်ပြလိုက်တဲ့အခါမှာတော့ စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ မြန်မာနိုင်ငံက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တရုတ်နိုင်ငံနဲ့ဆက်စပ်ပြီး လူ့အခွင့်အရေးနဲ့ ကျားမအခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပျက်လျက်ရှိပါတယ်။

လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူများရဲ့ပြောပြချက်အရ ၎င်းတို့မိသားစုအပါအဝင် ယုံကြည်ရသူများက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဟုဆိုကာ စည်းရုံးပြီး တရုတ်မိသားစုတွေဆီ အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ ၁၃၀၀၀ ကြား ညီမျှတဲ့ဈေးနဲ့ ရောင်းစားခဲ့ကြတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံမှာ မိန်းကလေးငယ်တွေဟာ ကိုယ်ဝန်ဆောင်ပေးဖို့အတွက် အခန်းတံခါးသော့ပိတ်ခံရပြီး အဓမ္မပြုကျင့်ခံကြရပါတယ်။

ရှမ်းနှင့် ကချင်မိန်းကလေးများအား လူကုန်ကူးခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့ရှိ ရွာတစ်ရွာမှ မညိုနှင့်မဖြူ (အမည်လွှဲ) မိန်းကလေး နှစ်ယောက်ဟာ တရုတ်မယားအဖြစ်ရောင်းစားခြင်းခံခဲ့ရတယ်လို့ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၇ ထုတ် The New York Times မှာ Hannah Beech က ရေးသားဖော်ပြခဲ့ပါတယ်။ မိန်းကလေးနှစ်ယောက်ဟာ မနှစ်က ကျောင်းပြီးသွားတဲ့အခါ ချွတ်ခြုံကျတဲ့ရွာလေးက ထွက်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီရွာမှာ စစ်တပ်မိသားစုတွေနေထိုင်ကြတဲ့ ကင်းတပ်အနည်းငယ်ရှိတယ်လို့ဆိုပါတယ်။

တခြားရွာက ဒေါ်နှင်းဝေဆိုသူအမျိုးသမီးရဲ့ ချိတ်ဆက်ပေးမှုနဲ့ အိမ်နီးချင်းဖြစ်သူ ဒေါ်စန်းကြည်က မညိုနှင့်မဖြူတို့ကို စားပွဲထိုးအလုပ်ရမယ်ဆိုပြီး ၂၀၁၈ ဇူလိုင်လက မိုင်းရယ်ကနေ ခေါ်သွားခဲ့ကြပါတယ်။

တောင်ပေါ်လမ်းကြမ်းတမ်းတဲ့အတွက် မဖြူဟာ ကားမူးလာပြီး ဒေါ်စန်းကြည်ပေးတဲ့ ဆေးလေးလုံး (ပန်းရောင်ဆေးတစ်လုံးနှင့် အဖြူရောင်သုံးလုံး) ကိုသောက်ခဲ့ပါတယ်။ ဆေးသောက်ပြီးနောက် မဖြူဟာ ဝေဝါးဝါး ဖြစ် လာပြီး တစ်စုံတစ်ဦးက သူ့လက်မောင်းကို ဆေးထိုးအပ်နဲ့ထိုးလိုက်တာကို သိလိုက်ပါတယ်။ အဲဒီအချိန်ကရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ မဖြူရဲ့မျက်နှာဟာ ရောင်ရမ်းပြီး မျက်လုံးတွေလည်း ရီဝေနေပါတယ်။

“ဒီအဖြစ်အပျက်တွေမဖြစ်ခင်က မဖြူက အရမ်းတက်ကြွပျော်ရွှင်တဲ့မိန်းကလေးတစ်ယောက်ပါ။ သူ့ကို သတိမေ့သွားအောင်လုပ်ပြီး လိင်မှုကိစ္စတွေခိုင်းခဲ့တာပါ။ သူ အရိုက်လည်းခံရတယ်။ သူ့ကိုယ်သူ ပျက်စီးသွားပြီ ဆို တာတောင် မသိပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်အေးဦးက ပြောပါတယ်။

အသက် (၁၇)  နှစ်အရွယ် မညိုကတော့ ဆေးသောက်ဖို့ငြင်းခဲ့ပါတယ်။ သတိကောင်းနေသေးပေမယ့် စိတ်တွေ ဇဝေဇဝါဖြစ်နေခဲ့တယ်လို့ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ခရီးသွားရာမှာ လှေတစ်ခါစီးခဲ့ရပြီး ကားနဲ့အသွားများခဲ့ပါတယ်။   ဧည့်ရိပ်သာတွေမှာ ညအိပ်နားခဲ့ရပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ စားသောက်ဆိုင် ကလည်း မိုးကြီးလို့ ပိတ်ထားတယ်လို့ဆိုပါတယ်။

စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ၁၀ ရက်ကျော်ကြာလာတဲ့အခါမှာတော့ မညိုနဲ့မဖြူတို့ နှစ်ကြိမ်တိုင်တိုင် ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်ကိုသွားရမှန်းမသိဖြစ်နေတဲ့ အတွက် ပြန်မိသွားပါတယ်။ လူကုန်ကူးတဲ့သူတွေဟာ သူတို့ကို ဖုန်းလိုင်းမမိတဲ့အအခန်းထဲမှာ  သော့ပိတ်ထား ခဲ့ပါတယ်။ သူတို့ဟာ နယ်စပ်ဖြတ်ကျော်လာတာကို သတိမထားမိကြဘဲ တရုတ်နိုင်ငံထဲ ရောက်သွားကြတာပါ။

အဲဒီနောက် တရုတ်အမျိုးသားတွေရောက်လာပြီး လက်ညှိုးထိုးရွေးချယ်နေတဲ့အမူအရာကိုကြည့်ပြီး မဖြူဟာ အခြေအနေကို စတင်သဘောပေါက်ခဲ့ပါတယ်။ “ကျွန်မရောင်းစားခံနေရပြီဆိုတာသိပေမယ့် ထွက်မပြေးနိုင်ခဲ့ဘူး” လို့ မဖြူကပြောပြပါတယ်။ နောက်ပိုင်းမှာ ညီအစ်မနှစ်ယောက် တစ်ကွဲတစ်ပြားစီ ဖြစ်သွားပြီး လက်ထပ်စာချုပ်စာတမ်းတွေလည်း မဖြည့်ရဘဲ တရုတ်အမျိုးသားတွေနဲ့ ကိုယ်စီ ပါသွားခဲ့ကြပါတယ်။

မဖြူဟာ ရထားအကြာကြီးစီးပြီးတဲ့နောက် ပေကျင်းရောက်ပြီထင်နေသော်လည်း အမှန်တကယ် ဟဲနန်ပြည်နယ် Xiangcheng  ဒေသမှာရှိနေခဲ့တာပါ။ သူ့ကိုဝယ်သွားတဲ့လူက အသက် (၂၁) နှစ်အရွယ် ယွမ်ဖန် (Yuan Feng) ဆိုသူဖြစ်ပါတယ်။

“ကျွန်မ ခန္ဓာကိုယ်တွေ ထုံနေသလိုခံစားရတယ်။ သူက ဆေးလိပ်သောက်တယ်၊ အနံ့ကလည်း ချဉ်စုတ်စုတ်နဲ့၊ အတင်းအဓမ္မပြုကျင့်တယ်” လို့ မဖြူက ပြောပြပါတယ်။ မဖြူဟာ နောက်ဆုံးမှာ ပျော်ရွှင်ချင်ဟန်ဆောင် ပြီးနေ လိုက်တဲ့အခါမှာ ဆေးထိုးမှုမရှိတော့ဘူးလို့ ဆိုပါတယ်။ သူ့ယောက်ျားရဲ့ ဖုန်း password ကို သိသွားခဲ့ပြီး တစ်ည သူ မူးနေတဲ့အချိန်မှာ မိခင်ဆီ အွန်လိုင်းကနေ ဖုန်းခေါ်ခဲ့ပါတယ်။

“သမီးကိုတွေ့တော့ အရမ်းပျော်သွားတယ်။ ဒါပေမဲ့ သူ့ပုံစံက အရင်လိုမဟုတ်တော့ဘူး။ အရောင်းစားခံလိုက်ပြီလို့ ကျွန်မကိုပြောပြတယ်” ဟု မိခင်ဖြစ်သူ ဒေါ်အေးဦးကပြောပါတယ်။

မညိုဟာလည်း သူ့သူငယ်ချင်း မဖြူလိုပဲ Xiangcheng မှာပဲရောက်နေတယ်ဆိုတာ မသိခဲ့ပါဘူး။ အစပိုင်းတုန်းက သူ့ယောက်ျား Gao Ji ဟာ သူ့ကို အင်တာနက်သုံးခွင့်မပေးဘဲ အခန်းထဲမှာ ပိတ်ထားခဲ့တာပါ။ ရိုက်လည်း ရိုက်ပါတယ်။ ဒါပေမဲ့ ရက်တွေကြာလာတော့ ယုံကြည်မှုရှိလာပြီး WeChat အပါအဝင် လူမှုမီဒီယာ သုံးခွင့်ပေးခဲ့ပါတယ်။  

မညိုဟာ သူရောက်တဲ့နေရာသိဖို့ တတ်နိုင်သလောက်ကြိုးစားခဲ့ပါတယ်။ ယောကျ်ားဆိုင်ကယ်နောက် လိုက်စီးတာ၊ အိမ်ကားလိုင်စင်နံပါတ်ပြားကိုနဲ့ အိမ်ဝင်ပေါက်တို့ကို တိတ်တဆိတ် ဓာတ်ပုံရိုက်ယူတာတွေလုပ် ထားပြီး တည်နေရာသိအောင်လုပ်ခဲ့ပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီပေးနေတဲ့ ရှမ်းအမျိုးသမီးတစ်ယောက်ရဲ့အကူအညီနဲ့ ရဲဖြစ်သူ မျိုးဇော်ဝင်းဟာ မညိုနဲ့ Gao ရဲ့ WeChat အကောင့်မှာ စတင်ဆက်သွယ်မိပြီး အစ်ကိုဖြစ်သူ ဟန်ဆောင်ခဲ့ပါတယ်။

နှစ်လအကြာမှာတော့ မိန်းကလေးတွေကို ဝယ်ယူသွားခဲ့ကြတဲ့ Yuan နဲ့ Gao တို့ကို ဖမ်းမိခဲ့ကြပြီး အနည်းဆုံး ရက်ပေါင်း ၃၀ လောက် ထိန်းသိမ်းထားခဲ့ပါတယ်။ မိန်းကလေးတွေကိုရောင်းစားခဲ့တဲ့ ပွဲစား တရုတ်လူမျိုး Zhao Moumou ကိုလည်း ဖမ်းလိုက်ကြပါတယ်။

လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို တရားမဝင် ဝင်ရောက်မှုနဲ့ တရုတ်ရဲစခန်းဆီ အရင်ပို့ပါတယ်။ နောက်ပြီး သူတို့ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လူကုန်ကူးခံရတဲ့မိန်းကလေးတွေထားတဲ့ ဂေဟာမှာ ထား ကြပါတယ်။ မြန်မာဘာသာနဲ့ရေးထားတဲ့ဆိုင်းဘုတ်တွေမြင်တော့ အရမ်းပျော်သွားတဲ့အကြောင်း မဖြူက သူမရဲ့ခံစားချက်ကိုပြောပြပါတယ်။

ကလေးများရှာပုံတော်

နောက်တစ်ခုကတော့ ကချင်ပြည်နယ်က မိန်းကလေးတွေကို လူကုန်ကူးပြီး ကလေးမွေးပေးပြီးရင် ပြန်လွှတ်ပေးတယ် ဆိုတဲ့အကြောင်းပါ။

၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ KIO/KIA လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဆန်မွန် (Seng Moon) နဲ့ သူမမိသားစုဟာ  အိမ်နဲ့ယာပစ်ပြီး ကယ်ဆယ်ရေး စခန်းမှာ နေခဲ့ကြပါတယ်။ ဆန်မွန်ဟာ ၂၀၁၄ ခုနှစ်တုန်းက အသက် ၁၆ နှစ်သာရှိသေးပြီး ငါးတန်းပဲရှိ ပါသေးတယ်။  ယောက်မဖြစ်သူက ယူနန်ပြည်နယ်မှာ ထမင်းချက်အလုပ်ရမယ်ဆိုပြီး ဖြားယောင်းခဲ့တာပါ။ ဆန်မွန်ဟာ အစောပိုင်းမှာ ချီတုံချတုံဖြစ်နေပေမယ့် အခွင့်အရေးကို လက်မလွှတ်သင့်ဘူး ဆိုပြီး မိသားစုက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆန်မွန်ဟာ လမ်းခရီးမှာ ယောက်မဖြစ်သူပေးတဲ့ကားမူးပျောက်ဆေးသောက်ပြီး ချက်ချင်း အိပ်ပျော်သွားခဲ့ ပါတယ်။  အိပ်ရာနိုးတော့ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အတွက် အော်ဟစ်ငိုယိုပြီး အကူအညီတောင်းခဲ့ပါတယ်။

ယောက်မဖြစ်သူက သူ့ကို တရုတ်မိသားစုထံ ရောင်းစားလိုက်တာပါ။ လပေါင်းများစွာကြာတဲ့အခါ ယောက်မဖြစ်သူပြန်ရောက်လာပြီး တရုတ်လူမျိုးကို လက်ထပ်ရမယ်ဟုဆိုကာ နောက်တစ်အိမ်ထပ်ပို့ လိုက်ပါတယ်။

ဆန်မွန်ဟာ အဲဒီအိမ်မှာ ဒုက္ခစတွေ့ရတော့ပါပဲ။ “ကျွန်မကို အခန်းတစ်ခန်းထဲခေါ်သွားခဲ့ပြီးတော့ ထပ်ပြီး ချည်နှောင်ထားကြတယ်။ တစ်လ နှစ်လလောက် အခန်းသော့ပိတ်ပြီးထားတယ်။ ထမင်းစားချိန်ရောက်ရင် လာပို့ ပေးတယ်။ ကျွန်မ အမြဲငိုနေခဲ့ရတယ်။ အဲဒီတရုတ်လူမျိုးက ထမင်းလာပို့တိုင်း တစ်ခါမုဒိမ်းကျင့်တယ်။ နှစ်လလောက်နေတော့ ကျွန်မကို အခန်းထဲကနေ ဒရွတ်တိုက်ဆွဲထုတ်သွားပြီး သူ့အဖေက ဒါ ညည်းယောက်ျားပဲ၊ အခု ညည်းတို့က လင်မယားဖြစ်ကုန်ပြီ၊ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာဆက်ဆံပြီး ပျော်ရွှင်တဲ့မိသားစုဖြစ်အောင်နေ ဆိုပြီးပြောပါတယ်” ဟု ဆန်မွန်က သူမရဲ့ဖြစ်စဉ်ကို ပြောပြပါတယ်။

ခုနှစ်လအကြာမှာ ဆန်မွန်တစ်ယောက် ကိုယ်ဝန်ရှိလာခဲ့ပြီး သားယောက်ျားလေးမွေးဖွားခဲ့ပါတယ်။ ယောက်ျားဖြစ်သူက အိမ်ပြန်လိုက ပြန်နိုင်ကြောင်း၊ ဘယ်သူမှမတားကြောင်း၊ ကလေးကိုတော့ ခေါ်မသွားရဘူး ဆိုပြီး ပြော လာခဲ့ပါတယ်။ ဆန်မွန်ဟာ ကလေးနဲ့အတူထွက်ပြေးချင်တဲ့အတွက် အချိန်ထပ်စောင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံရောက်ပြီး (၂) နှစ်အကြာ ဈေးထဲမှာ ကချင်အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူမကိုအိမ်ပြန်နိုင်ဖို့ ယွမ် ၁၀၀၀ ( အမေရိကန်ဒေါ်လာ ၁၅၉) ပေးခဲ့ပါတယ်။ အဲဒီနောက် တရုတ်အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ နယ်စပ်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအရောက်ပြန်နိုင်ခဲ့ပါတယ်။ ဆန်မွန်ဟာ အခု စစ်ဘေးရှောင်စခန်းမှာ ပြန်ရောက်နေပြီး တရုတ်မိသားစုက သူ့ကိုလာရှာမှာကြောက်နေရှာပါတယ်။

ပဋိပက္ခနှင့်အားနည်းချက်များ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဖြစ်စဉ်တွေဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲဒုက္ခရောက်ပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က  နေရပ်စွန့်ခွဲထွက် ပြေး မှုတွေအပါအဝင် ကာလရှည်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့်  နှစ်ပြည်နယ်စလုံးရှိ တိုင်းရင်းသားမိသားစုတွေအတွက် ငွေကြေးကြံရာမရဖြစ်ပြီး တရုတ်နိုင်ငံမှာ အလုပ်ရှာဖို့ တွန်းအားဖြစ်စေခဲ့ ပါတယ်။
သားယောက်ျားလေးကိုသာ ရယူခဲ့ကြတဲ့ တရုတ်တို့ရဲ့ One-child policy ကြောင့် လက်ထပ်ထိမ်းမြားပေးရမယ့် အမျိုးသမီးရှားပါးမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

နယ်စပ်မလုံခြုံမှုနဲ့ နှစ်ဖက်စလုံးမှ ဥပဒေအရလိုက်နာဆောင်ရွက်ခြင်းများမရှိတာကြောင့် ကချင်အမျိုးသမီးတွေကို ဖြားယောင်းသွေးဆောင်ပြီး တရုတ်မယားအဖြစ်ရောင်းစားကာ လူကုန်ကူးမှုများပေါများလာစေခဲ့ပြီး ပြစ် ဒဏ်လည်းသိပ်မကျကြောင်း HRW  အစီရင်ခံမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် KIO ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ စစ်ဘေးရှောင်လူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အစိုးရက တားမြစ်ထားတာကြောင့် မိသားစုတွေဟာ အခက်အခဲတွေ ဖြစ်လာကြပါတယ်။ ကယ်ဆယ်ရေးစခန်းမှာနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အစားအစာထောက်ပံ့မှု တွေရရှိကြပေမယ့် တစ်ခါတရံ လောက်ငှမှုမရှိပါဘူး။

အမျိုးသားတွေဟာ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေကြတဲ့အတွက် ရံဖန်ရံခါ အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေယူလာရပါတယ်။ မိသားစုကိုထောက်ပံ့ဖို့ ကြံရာမရဖြစ်ပြီး တရုတ်နိုင်ငံကို အလုပ်သွား လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

လူကုန်ကူးသူများဟာ online မိတ်ဆွေ၊ အိမ်နီးချင်း၊ အသိအကျွမ်းနဲ့ ဆွေမျိုးတွေကတစ်ဆင့် မက်လုံးတွေပေးကာ ဆွဲဆောင်နေကြတာပါ။ တချို့အလုပ်အကိုင်တွေဟာ အစစ်အမှန်ဖြစ်ပေမယ့် လူကုန်ကူးသူတွေက လိင်ကျွန် တရုတ်မယားအဖြစ်ရောင်းစားဖို့ စည်းရုံးသိမ်းသွင်းကြပါတယ်။

တရုတ်နိုင်င်ငံမှာ ကိုယ်ဝန်ကို ကျား/မ ရွေးချယ်ပြီး ဖျက်ချခြင်း၊ အလိုမရှိသည့်ကလေးကိုသတ်ပစ်ခြင်း၊ ကလေးစွန့်ပစ်ခြင်းနှင့် ဆေးအကူအညီဖြင့် သမီးမိန်းကလေးမရအောင်လုပ်ခြင်း စတာတွေကြောင့် အမျိုးသမီး တွေအ ရေအတွက် သန်း ၃၀ ကနေ ၄၀ အထိ လျော့သွားခဲ့တယ်လို့ သုတေသနအရသိရပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၇၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကလေးတစ်ဦးသာယူသည့် one-child policy ကို ကျင့်သုံးခဲ့ပြီး အမျိုးသမီးများ မျိုးပွားတဲ့အခွင့်အရေးကို ကန့်သတ်နေဆဲပဲဖြစ်ပါတယ်။

ကျား/မ အချိုးမညီမျှမှုကလည်း တရုတ်အမျိုးသားများကို အိမ်ထောင်မဲ့ဘဝရောက်စေပါတယ်။ ၂၀၃၀ ခုနှစ်မှာ လက်မထပ်ရသေးတဲ့ အသက်သုံးဆယ်ကျော်အရွယ်တရုတ်အမျိုးသား (၂၅) ရခိုင်နှုန်းလောက်ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ တချို့မိသားစုတွေဟာ မြန်မာနိုင်ငံက လူကုန်ကူးခံထားရတဲ့မိန်းကလေးတွေကို ဝယ်လိုကြပြီး ပွဲစားတွေကလည်း အခွင့်ကောင်းယူပြီးငွေရှာကြတဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

လူကုန်ကူးမှုကို စုံစမ်းစစ်ဆေးခြင်း

တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကချင်အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၇ ဦးအပါအဝင် လူကုန်ကူးခံရသူ (၇၃) ဦးကို မေးမြန်းခဲ့တာတွေကို အခြေခံပြီး သူတို့ရဲ့ အခက်အခဲ ပြဿနာတွေ ကို  HRW အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ကချင်အမျိုးသမီး ၂၄ ယောက်ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ လူကုန်ကူးခံရတာဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၁၇ မှာ ဖြစ်ပျက်ခဲ့တာတွေလည်းရှိပါတယ်။

၂၀၀၂ နဲ့ ၂၀၀၉ ကြားမှာ လူကုန်ကူးခံရတဲ့သူ ၁၂ ဦးပါပါတယ်။ မေးမြန်းခံခဲ့ရသူတွေထဲမှာ ၁၉၈၆ ခုနှစ်က လူကုန်ကူးခံရတဲ့သူ တောင်ပါပါတယ်။ ၂၀၁၆ မေလကနေ ၂၀၁၈ ဒီဇင်ဘာထိ ရှစ်လကြာ မေးမြန်းသုတေသနပြုခဲ့ပြီး ၂၀၁၉ မေလမှာ အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။

သူတို့ထဲက ၂၂ ယောက်ကတော့ တရုတ်နိုင်ငံမှာ တစ်နှစ် သို့မဟုတ် တစ်နှစ်ကျော်ကြာနေခဲ့ကြရပြီး ၁၁ ယောက်က  သုံးနှစ်အထက် နေခဲ့ရပါတယ်။ ကိုးနှစ်ကြာ ပိတ်လှောင်ထားခံရသူလည်းရှိပါတယ်။ အငယ်ဆုံးမှာ ၁၄ နှစ် ဖြစ်ပြီး ၁၈ နှစ်အောက် ၁၂ ယောက်ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ ၁၈ နှစ်နဲ့ ၄၆ နှစ်ကြားမှာရှိပါတယ်။ နှစ်ကြိမ်တိုင်တိုင် လူကုန်ကူးခံရသူ နှစ်ယောက်လည်းပါပါတယ်။  ဒီကိစ္စတွေကို အာဏာပိုင်တွေဟာ အပြင်း အထန် အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် ပြဿနာတွေဟာ တဝဲလည်လည် ပေါ်ပေါက်လာဟန်ရှိ ပါတယ်။

မြန်မာ၊ တရုတ် အာဏာပိုင်တွေနဲ့ KIO အပါအဝင် နှစ်ဖက်စလုံးက ဥပဒေဘက်တော်သားတွေဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ပြန်ကယ်ဖို့ အားထုတ်မှုမရှိသလောက်ပါပဲ။ သမီး၊ ဇနီးနဲ့ ညီအစ်မပျောက်သွားတဲ့ မိသား စုတွေဟာ ရဲတွေကိုအကူအညီတောင်းခဲ့ပေမယ့် ငြင်းပယ်ခံကြရပြီး တစ်ခါတရံ ရှာပေးစေဖို့ အခကြေးငွေတောင် ပေးရတယ်လို့ဆိုပါတယ်။

လွတ်မြောက်လာပြီး တရုတ်ရဲစခန်းကို အားကိုးတကြီးတိုင်တန်းခဲ့တဲ့ အမျိုးသမီးတွေကို ဒုက္ခသည်လိုမမြင်ဘဲ တရားမဝင် ဝင်ရောက်တယ်ဆိုပြီး တစ်ခါတရံ ထောင်သွင်းအကျဉ်းချထားမျိုးလည်း ရှိတတ်ပါတယ်။

နေရပ်ပြန်ပို့တဲ့အခါမှာလည်း တစ်ခါတရံ နယ်စပ်မှာ ပစ်ထားခဲ့တာ ဒါမှမဟုတ် သောင်တင်နေတာမျိုး တွေရှိတတ်ပြီး ပရမ်းပတာနိုင်လှပါတယ်။ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မှုအားနည်းတာကလည်း ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။

လူကုန်ကူးတဲ့သူတွေဟာ လွတ်မြောက်နေဆဲဖြစ်ပြီး ထပ်မံကျူးလွန်နေကြတဲ့အတွက် လူကုန်ကူးခံရသူအတော် များများဟာ သူတို့ရဲ့ဖြစ်စဉ်ကိုပြောပြဖို့ကြောက်ရွံ့ခဲ့ကြပါတယ်။ တရားမျှတမှုရဖို့လည်း အင်မတန် ခဲယဉ်း ပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ဖမ်းဆီးမှုတွေလုပ်တဲ့အခါ မြန်မာနိုင်ငံတွင်းက ပွဲစားတွေကိုပဲ ပစ်မှတ်ထားကြပြီး တရုတ်နိုင်ငံထဲမှာရောက်နေတဲ့ ကျန်တဲ့ကွန်ရက်တွေကို လိုက်ဖမ်းဖို့မကြိုးစားကြပါဘူး။

မြန်မာအမျိုးသမီးတွေ တရုတ်မယားအဖြစ်လူကုန်ကူးခံရပြီး နှိပ်စက်ခံနေရတယ်ဆိုတာ တရုတ်နိုင်ငံက ရဲတွေ သိပေမယ့်လည်း ဘယ်တုန်းကမှ ဖမ်းဆီးအရေးမယူတဲ့အကြောင်း အစီရင်ခံစာမှာ ထည့်သွင်းရေးသား ထားပါ တယ်။

အရေအတွက်ကိုခန့်မှန်းခြင်း

တရုတ်မယားအဖြစ် လူကုန်ကူးခံရတဲ့ အမျိုးသမီးအရေအတွက်ကိုခန့်မှန်းဖို့အရမ်းခက်ခဲပြီး ရတဲ့ကိန်းဂဏန်း တွေဟာလည်း အဖြစ်မှန်ထက်နည်းပါတယ်။ မြန်မာဘက်ကတာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သူတို့ဆီမှာ လူကုန်ကူးခံရတဲ့အရေအတွက်နဲ့ပတ်သက်ပြီး အချက်အလက် သိပ်မရှိကြောင်း၊ သူတို့ဆီကို ဆက်သွယ်လာသူ အရေအတွက်သာရှိတဲ့အကြောင်း၊ တကယ့်အရေအတွက်ရဲ့ တစ်စွန်းတစ်မျှသာရှိတဲ့အကြောင်း ပြောပါတယ်။

၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နှစ်အလိုက် တရုတ်ဘက်ကို လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အရေအတွက်ဇယားကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက HRW ကို ပေးခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှုပေါင်း (၁၀၀) ရှိပြီး အနည်းဆုံးဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ  (၁၈၁) ခုနှင့် အများဆုံးဖြစ်ပါတယ်။ အဲဒီအထဲကမှ (၁၁၁၅) မှုကို နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။

KIO အဖွဲ့က တာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရ တရုတ်နယ်စပ် လိုင်ဇာဒေသမှာ ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နှစ်စဉ် မယားအဖြစ်ရောင်းစားခံရမှုပေါင်း ၂၀ မှ ၃၀ ကြားရှိတယ်လို့ဆိုပါတယ်။ ပြည်တွင်းပဋိပက္ခ တွေနဲ့ နေရပ်ရွှေ့ပြောင်းမှုတွေအရှိန်ရလာတဲ့အတွက် လူကုန်ကူးခံရမှုတွေများပြားလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ထိ ယူနန်ပြည်နယ်ရှိ ဒယ်ဟုန်တိုင်(ရှမ်းလူမျိုး)နှင့် ဂျိမ်းဖောလူမျိုးကိုယ်ပိုင်အုပ်ချိုပ်ခွင့်ရခရိုင်မှာ ဒေသ (၂၀) ကို လေ့လာမှုအရ တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာအမျိုးသမီးအရေအတွက်ခန့်မှန်းခဲ့ကြပါတယ်။

  •  ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာအမျိုးသမီး (၆၅ ၀၀၀) ဦးခန့်
  • တရုတ်အမျိုးသားများနဲ့ လက်ထပ်သွားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးပေါင်း (၁၀ ၄၀၀) ဦးခန့်
  • တရုတ်မယားအဖြစ် လူကုန်ကူးခံရတဲ့ အယောက် ၁၀၀၀ အပါအဝင် အတင်းအဓမ္မလက်ထပ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူအမျိုးသမီးပေါင်း (၂၅ ၀၀) ခန့်
  • အတင်းအဓမ္မကိုယ်ဝန်ဆောင်ခိုင်းတာခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးပေါင်း (၂၃၀၀) ဦးခန့် အသီးသီးရှိကြပါတယ်။

လူကုန်ကူးမှုအတွက် ဘာလုပ်ပေးနိုင်သလဲ

မြန်မာနဲ့တရုတ်နိုင်ငံတို့ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အောက်ပါအတိုင်း အကြံပြုထားပါတယ်။

  • လူကုန်ကူးခံရမှုများမဖြစ်စေရန် ထိရောက်စွာ ပူးပေါင်းတားဆီးရေး၊ ဥပဒေကို လေးစားလိုက်နာရေးနှင့် လူကုန်ကူးခံရသူများကို ကူညီပေးရေး
  • ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များကို အစိုးရမှ အကောင်အထည်ဖော်စောင့်ကြည့်ပေးရေး
  •  တရုတ်နိုင်ငံတွင် တရားဝင် အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးခြင်း
  • လူကုန်ကူးခံခဲ့ရသူများနှင့် ခံရနိုင်ဖွယ်ရှိသူများကို အကူအညီပေးခြင်း၊ လူကုန်ကူးမှုများကို စူးစမ်းရှာဖွ ေခြင်းနှင့် သံသယရှိသူပွဲစားများအား စောင့်ကြည့်ခြင်းအားဖြင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးမှုကို တိုးမြှင့်လုပ်ဆောင်ခြင်း

မြန်မာအစိုးရနဲ့ KIO တို့ဟာ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေကို တရားမဝင် ဝင်ရောက်မှုနဲ့ ထောင်သွင်းအကျဉ်းချတဲ့ စနစ်ကို အဆုံးသတ်ပြီး နေရပ်ပြန်နိုင်ရေး အကူအညီပေးရပါမယ်။
ကျူးလွန်ခံခဲ့ရတဲ့ ပြစ်မှုတွေကို တရားစွဲဆိုနိုင်ရေးနဲ့ စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ အထောက်အပံ့ဖြစ်ဖို့အတွက် လူကုန်ကူးခံရသူတွေကို တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရာမှာ အန္တရာယ်ကင်းအောင် ကူညီပေးရပါမယ်။

နိုင်ငံတကာက ကူညီထောက်ပံ့သူများနဲ့ အဖွဲ့အစည်းများကလည်း မြန်မာ၊ တရုတ်အစိုးရနဲ့ KIO ကို မြန်မာအမျိုးသမီးတွေ တရုတ်မယားအဖြစ် လူကုန်ကူးခံရမှုကို ပိုမိုကိုင်တွယ်ဖို့ တွန်းအားပေးရပါမယ်။ နောက်ပြီး အစိုးရနဲ့ KIO ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လူကုန်ကူးမှုပြဿနာတွေနဲ့အကျွမ်းတဝင်ရှိတဲ့ NGO အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးခြင်းအားဖြင့် လူကုန်ကူးခံရသူတွေတွက် ဝန်ဆောင်မှုများတိုးမြှင့် လုပ်ဆောင်းပေးရမှာ ဖြစ် ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဆင်းရဲဒုက္ခရောက်နေကြရပြီး တရုတ်နိုင်ငံကိုထွက်ပြေးသွားရခြင်းဖြစ်တဲ့အတွက် ပဋိပက္ခအဆုံးသတ်သွားအောင် ချက် ချင်းလုပ်ဆောင်ကြဖို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာထုတ် Johns Hopkins Bloomberg School ရဲ့ ပြည်သူ့ကျန်းမာရေးမဂ္ဂဇင်းမှာ အကြံပြုရေးသားထားပါတယ်။

ပဋိပက္ခတွန်းအား

လူကုန်ကူးခံရသူတွေအတွက် ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မှုအားနည်းခြင်းနဲ့ အကူအညီအပြည့်အဝ မရခြင်းတို့ဟာ ကိုင်တွယ်ဖို့လိုအပ်တဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပေမယ့် တိုင်းရင်းသားပြည်နယ်တွေမှာ အဆက်မ ပြတ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲမှာ မသိမမြင်နိုင်တဲ့ လှုံ့ဆော်မှုရှိနေနိုင်ပါတယ်။ 

၂၀၁၈ ဒီဇင်ဘာ လလယ်မှ ၂၀၁၉ စက်တင်ဘာထိ တပ်မတော်ဘက်က တစ်ဖတ်သတ်အပစ်အခတ် ရပ်စဲရေးကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ပါ အကျုံးဝင်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (AA ၊ MNDAA နှင့်TNLA) တို့ဟာ တစ်ဖက်နဲ့တစ်ဖက်အပြစ်တင်ပြီး တိုက်ပွဲတွေ ထပ်ခါထပ်ခါဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို လိပ်ခဲတည်းလည်းအခြေအနေကြောင့် ရှမ်းနဲ့ကချင် ပြည်နယ်မှာရှိတဲ့ နေရာအတော်များများကို လူသားချင်းစာနာမှုအကူအညီတွေသွားပေးဖို့ရာ တားမြစ်ပိတ်ပင်မှု တွေရှိနေဆဲဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ လူကုန်ကူးခံရသူတွေကို သက်ညှာမှုမရှိခြင်းနဲ့ လူကုန်ကူးသူတွေကို ပြင်းပြင်းထန်ထန် အရေးမယူကြတဲ့အတွက်  မြန်မာအမျိုးသမီးတွေ ယခုပုံစံနဲ့ရောင်းစားခံရတာဟာ နိုင်ငံ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါတယ်။

အခုအချိန်မှာတော့ အဆိုပါဒေသက မိန်းကလေးတွေဟာ တရုတ်မယားအဖြစ်ရောင်းစားခံရနိုင်သော်လည်း သူတို့အတွက် အခြေအနေကောင်းတွေဖြစ်လာမယ့်အရိပ်လက္ခဏာ မတွေ့ရသလောက်ပဲဖြစ်ပါတယ်။

Source: Mizzima Weekly Issue 51-52, Vol. 8, December 19, 2019

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly