ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနှင့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အပေါ် ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ၏အမြင်

ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနှင့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အပေါ် ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ၏အမြင်

ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသည် ယနေ့အချိန်တွင် ကမ္ဘာတစ်လွှား ထင်ရှားကျော်ကြားလာသော အားကစားနည်းတစ်ရပ်အဖြစ် ရပ်တည်လာသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် သက်ဆိုင်ရာ ကိုယ်ပိုင် ကိုယ်ခံ ပညာ ရပ်များပိုင်ဆိုင်ထားပြီး အထူးသဖြင့် အာရှတိုက်နိုင်ငံ များက ထင်ရှားကျော်ကြားလှသည်။

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံတွင် ကွန်ဖူး၊ ဝူရှူးစသည့် ကိုယ်ခံပညာရပ်များက ထင်ရှား ကျော်ကြားသလို တရုတ်လို အရှေ့ အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံမှ ဂျူဒို၊ ဆူမိုနပမ်း၊ ကရာတေး၊ ဂျူဂျစ်ဆုစသော ပညာရပ်များက လည်း ယနေ့အချိန်အထိ မပျောက်ကွယ်သေးသော ကိုယ်ခံပညာရပ်များဖြစ်သည်။

အာဆီယံဒေသတွင်လည်း ထိုင်းတို့၏  မွေထိုင်း၊ မြန် မာ၏ ရိုးရာလက်ဝှေ့၊ ကမ္ဘောဒီးယား၏ Bokator လက်ဝှေ့အပါအဝင် အခြားနိုင်ငံများတွင်လည်း ရိုးရာကိုယ်ခံပညာရပ်များအား ကိုယ်စီ ပိုင်ဆိုင်ထားသည်။

အာရှတိုက်သည် ကိုယ်ခံပညာရပ်နှင့်ပတ်သက်လာလျှင် နာမည်ထင်ရှားသော ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် ထိပ်တန်းကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားများအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။ ထို့အတူ စင်ကာပူတွင်အခြေစိုက်သော ONE Championship မှာလည်း ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည်။

ONE Championship ကို အဓိက ဦးဆောင်နေသူက ထိုင်း နိုင်ငံသား Chatri Sityodtong ဖြစ်ပြီး အာရှတိုက်သာမက ကမ္ဘာအရပ်ရပ်မှ ပါရမီရှိ သည့် အားကစားသမားများကိုရှာဖွေကာ ကမ္ဘာ့စင်မြင့်ထက် ပို့ဆောင် ပေး လျက်ရှိသည်။ Chatri သည် ငယ်စဉ်ကတည်းက မွေထိုင်းပ ညာရပ်များကိုသင်ယူကာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ဖူးသည်။

အမေရိကန်တွင် ပညာသင်ကြားခဲ့ သော Chatri သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားဟောင်း တစ်ဦး ဖြစ်သည့်အားလျော်စွာ ၂၀၁၁ ခုနှစ်၌ ONE Championship ကိုထူထောင်ကာ ကိုယ်ခံပညာသိုင်းပေါင်း စုံအားကစားနည်း ပိုမိုထွန်းကားတိုးတက် ကျယ်ပြန့်လာစေရန် အားထုတ် ကြိုးပမ်းလျက်ရှိသည်။

ONE Championship ၏ အဓိကပဲ့ကိုင်ရှင်တစ်ဦးဖြစ်သော Chatri သည် အာရှနိုင်ငံများမှ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား များကို မီးခဲပြာဖုံးအနေအထားမှ ကမ္ဘာ့စင်မြင့်ထက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထို့အတူ အခြားတိုက်များမှ အားကစားသမားများကိုလည်း မိမိတတ်ကျွမ်းသည့် ပညာရပ်များကို ပြသခွင့်ရရေးအတွက်လည်း အကူအညီပေးခဲ့သည်။

ONE Championship သည် အရည်အသွေး အပြည့်အဝရှိသော အားကစား သမားများကိုရှာဖွေရန် ONE Warrior Series၊ ONE Heroes Series ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး စာချုပ်ချုပ်ဆိုကာ ONE Championship ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးလျက်ရှိသည်။

အထူးသဖြင့် ONE Championship သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို အခြားသော အားကစားနည်းများနှင့်အတူ ပရိသတ်များ အကြိုက်နှစ်သက်ဆုံး အားကစားနည်း ဖြစ်လာစေရန် ကြိုးစားအားထုတ်ခဲ့သည်။ လက်ရှိအချိန်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသည် ဘောလုံး၊ ဘတ်စကက်ဘော၊ ဘေ့စ်ဘော တို့နည်းတူ ကမ္ဘာတစ်လွှား ထင်ရှားကျော်ကြားသော အားကစားနည်းတစ်ခုအဖြစ် ရပ်တည်လာနေနိုင်ပြီဖြစ်သည်။

Chatri သည် စီးပွားရေးနယ်ပယ်တွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နေသူဖြစ်ပြီး ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားနည်းအပေါ်တွင်လည်း သံယောဇဉ်အပြည့်ရှိသူတစ်ဦးဖြစ်သည်။ ၎င်းသည် ကိုယ်တိုင် အားကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့သလို အခွင့်အရေးရလာချိန်တွင်လည်း ကျင်လည်ဖူးရာဝန်းကျင်ကို ပိုမိုတိုးတက်လာစေလိုသည့် စိတ်ဆန္ဒများရှိခဲ့သည်။

အ သက် ၄၀ ကျော်အရွယ် Chatri သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ကမ္ဘာ့ပြည်သူများကြား ပိုမိုပျံ့နှံ့လာစေရေး ကြိုးစားခဲ့သလို အိုလံပစ်အားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ခံရရေးအတွက်လည်း စိတ်အား ထက်သန်ခဲ့သည်။

အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်ရှိ အားက စားပြိုင်ပွဲများအနက် ဂုဏ်သိက္ခာအရှိဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအားလုံး တလေးတစားယှဉ်ပြိုင် ကြသည့် ပြိုင်ပွဲကြီးလည်းဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သော အိုလံပစ်ပြိုင်ပွဲသည် လက်ရှိအချိန်တွင် သက်တမ်း နှစ် ၁၂၀ ကျော်ရှိသွားပြီဖြစ်ပြီး ကမ္ဘာပေါ်၌ အကျော်ကြားဆုံးပြိုင်ပွဲဟုဆိုနိုင်သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲထက်ပင် သက်တမ်း ၃၄ နှစ် ပိုစော သည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)က အဓိကစီစဉ်ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံတိုင်းလိုလိုက တခုတ်တရ ယှဉ်ပြိုင်လေ့ ရှိပြီး ဆုတံဆိပ်ရယူနိုင်ရေးအတွက်လည်း အကြိတ်အနယ် ယှဉ်ပြိုင်ကြလေ့ရှိသည်။ အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ရေးသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် အားကစားထက်ပိုသော အနေအထားမျိုးဖြစ်သည်။

အိုလံပစ် ပြိုင်ပွဲတွင် အားကစားသမားတိုင်း ယှဉ်ပြိုင်နိုင်ခွင့်မရှိဘဲ လက်ရည်စစ်ပွဲများအား အဆင့်ဆင့်ဖြတ်သန်းကာ အရည်အချင်းပြည့်မီမှသာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ထို့အတူ ကမ္ဘာပေါ်တွင် ရှိရှိသမျှသော အားကစား နည်းတိုင်း အိုလံပစ်ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပခံရခြင်း မ ရှိဘဲ IOC မှ ခွင့်ပြုထားသော အားကစားနည်းများကိုသာ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

ကိုယ်ခံပညာသိုင်းပါင်းစုံအားကစားသည် ယခု နှစ်ပိုင်းအတွင်း လူကြိုက်များထင်ရှားလာသော အားကစားနည်း တစ်ခုဖြစ်လာသော်လည်း အိုလံပစ်အားကစားနည်းအဖြစ် သတ်မှတ်ခံ ထားရခြင်း မရှိသေးပေ။

ထိုအနေအထားအပေါ် Chatri အပါအဝင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနယ်ပယ်မှ အဓိကတာဝန်ရှိသော ပုဂ္ဂိုလ်များ၊ အဖွဲ့အ စည်းများက ကျေနပ်ရောင့်ရဲမှုမရှိဘဲ တစ်ချိန်တွင် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရ လာနိုင် ရန် ကြိုးစားအားထုတ်လျက်ရှိသည်။

ONE Championship နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကမ္ဘာ့ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့ချုပ်(GAMMA)က ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားနည်းကို အိုလံပစ်အား ကစားနည်းဖြစ်လာစေရေးအတွက် ကြိုးပမ်းမှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။

ဂျူဒို၊ တိုက်ကွမ် ဒို၊ ကရာတေး၊ နပမ်း၊ လက်ဝှေ့စသည့် ကိုယ်ခံပညာရပ်များ အိုလံပစ်အားကစားနည်းအဖြစ် သတ်မှတ်ခံထားရချိန်တွင် ၎င်း တို့၏ နည်းစ နစ်များ၊ နည်းဗျူဟာများ စုပေါင်းအသုံးပြုနိုင်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းက အိုလံပစ်အားကစားနည်းအဖြစ် သတ် မှတ်ခံရနိုင်ရေး အဖွဲ့အစည်းပေါင်းစုံက လက်တွဲကြိုးစားလာနေသည်က အားတက်စရာဖြစ်သည်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်တွင် အခြေစိုက်သော GAMMA သည် နိုင်ငံပေါင်း ၁၀၀ နီးပါးဖြင့် ဖွဲ့စည်းထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အား ဦး ဆောင်သူများမှာ ကိုယ်ခံပညာသိုင်း ပေါင်းစုံ  အားကစားကို ဆယ်စုနှစ်နှင့်ချီ ယှဉ်ပြိုင်ဖူးသော အတွေ့အကြုံရင့် အားကစားသမားဟောင်း များသည်။

GAMMA အနေဖြင့်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းကိုအိုလံပစ်အားကစားနည်းအဖြစ် သတ်မှတ်ခံရစေရေးအတွက် အပြည် ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်(GAISF)ထံတရားဝင်လျှောက်ထားလိုက်ပြီဖြစ်သည်။

GAISF သည် GAMMA ၏ လျှောက်ထားမှုကို အ သေအချာစိစစ်လျက်ရှိကာ ထောက်ခံမှုပေးရန် နီးစပ်လျက်ရှိပြီး အိုလံပစ်အားကစားနည်းဖြစ်၊ မဖြစ် အဓိကဆုံးဖြတ်ပေးမည့် IOC ထံ ထပ်မံတင်ပြသွားမည်ဖြစ်သည်။

IOC ကသာ အတည်ပြုခဲ့ပါက ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို အိုလံပစ်ပြိုင်ပွဲများတွင် မြင်တွေ့ ခွင့်ရမည်ဖြစ်ပြီး Chatri ကလည်း အိုလံပစ်အားကစားနည်းဖြစ်လာမည်ဟုယုံကြည်ကြောင်း ဖွင့်ဟသည်။

“ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ကိုယ်ခံပညာရဲ့ဂုဏ်သိက္ခာ၊ နှိမ့်ချမှု၊ ဂုဏ်သရေ၊ လေးစားသမှု၊ ရဲစွမ်းသတ္တိရှိမှု၊ စည်းကမ်းသေဝပ်မှုနဲ့ သနားကရုဏာရှိမှုကို ပြသနိုင်ခဲ့တယ်။ ဒီအားကစားဟာ လူသားတွေရဲ့လူသားဆန်မှုနဲ့ ကြင်နာစာ နာမှုကိုပြသပေးနိုင်တဲ့ ကြားခံတစ်ခုလည်းဖြစ်ပါတယ်။

ONE Championship အနေနဲ့ GAMMA နဲ့လက်တွဲပြီး အပျော်တမ်းအားကစား သမားတွေ ပရော်ဖက် ရှင်နယ်အဖြစ် အသက်မွေးနိုင်အောင် ကမ္ဘာတစ်လွှားက အကောင်းဆုံးအားကစားခန်းမတွေမှာ အခမဲ့သင်ယူခွင့်ရရှိ ဖို့ စကောလားရှစ် ပေးသွားမှာပါ။

ဒါဟာ ဒီကစားသမားလေးတွေအတွက် ကမ္ဘာ့စင်မြင့်ပေါ်တက် လှမ်းပြ သခွင့်ရမယ့် မဟာအခွင့်အရေး လည်း ဖြစ်ပါတယ်။ GAMMA ရဲ့လျှောက်ထားမှုကို ကျွန်တော် အပြည့်အဝထောက်ခံပါတယ်။ တစ်နေ့ကျရင် ကိုယ်ခံ ပညာသိုင်းပေါင်းစုံ အားကစားဟာ အိုလံပစ်အားကစားနည်းအဖြစ် သတ် မှတ်ခံရမှာပါ” ဟု Chatri က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly