ဗစ်တိုးရီးယားအတွက် အမှန်တရား ဆက်ရှာမည်ဟု အောင်ကြီးရှေ့နေပြော

ဗစ်တိုးရီးယားအတွက် အမှန်တရား ဆက်ရှာမည်ဟု အောင်ကြီးရှေ့နေပြော

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ။           ။  ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး  ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဟု  စွပ်စွဲတရားခံဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲသည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း နေပြည်တော်၏ သင်းလုံးကျွတ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားအမှု အတွက် သံသယတရားခံအဖြစ် ရဲကဖမ်းဆီးသည့်  ကိုအောင်ကြီး(ခ) အောင်ကျော်မျိုးသည် တရားလိုပြ သက်သေ ၂၆ ဦးမှ  ၁၉ ဦးစစ်ဆေးပြီးချိန်ထိ အမှုကျုးလွန်ကြောင်း ကနဦးသက်သေခံချက် မပေါ်ပေါက်ဟု  ခရိုင်တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ပုဒ်မခွဲ (၂) အရတရားရှင်လွှတ်ပေးခဲ့သည်။

“ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝန်းရံမှာပဲ အမှန်တရားမပေါ်သေးဘူးလို့ပဲ ကျွန်တော်ယူဆတယ်။ ကျွန်တော်တို့အတွက် အမှန်တရားခံစားလိုက်ရပြီးပြီ သို့သော် နှစ်ချက်ကျန်သေးတယ်လို့ ယူဆတယ်။ ဒါပေမယ့် အဲ့တာကို Move လုပ်ဖို့ကကျတော့ ဥပဒေအရ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒါပေမယ့် ရဲလုပ်ရမယ့်တာဝန်ကို လုပ်အောင်ဘာလုပ်မလဲဆိုတာက နစ်နာတဲ့ ကလေးရဲ့ မိဘတို့ဘာညာပဲ သူတို့စဉ်းစားကြပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ရပ်တည်မှာ တကယ်နစ်နာတယ်လို့ ကျွန်တော်တို့ အခုထိလည်း ယူဆပါတယ်။ ယူဆလို့ ဟိုနေ့က ကိုအောင်ကြီးလွတ်တဲ့နေ့တုန်းကလည်း ဆရာမပြောသွားတာရှိပါတယ်။ ဒီဥစ္စာက ဆက်ပြီးတော့ ဖော်ထုတ်ဖို့အတွက်ကတော့လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့က လုပ်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီတာဝန်မရှောင်ဘူး။ ကျရာနေရာ ကျွန်တော်တို့ တာဝန်ထမ်းမယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် နစ်နာသူ ကလေးငယ် အပါအဝင် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုမှုအတွက် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (နေပြည်တော်)  ဥပဒေအထောက်အကူအပြုအဖွဲ့နှင့် နေပြည်တော်လူ့အခွင့်အရေး ဆပ်ကော်မတီတို့က ကန့်ကွက်ကြောင်းလည်း သင်းလုံးကျွတ်အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။

“ဥပဒေကို ပြည်သူလူထုက ဥပဒေနဲ့အညီ နေနိုင်အောင် ကြပ်မတ်ရမယ့် အဖွဲ့အစည်းက ချိုးဖောက်တယ်။ ပြည်သူလူထုရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ကာကွယ်ပေးရမယ့် အဖွဲ့အစည်းက ချိုးဖောက်တယ်။ အဲ့တာကြောင့်  ကျွန်တော်တို့က ကန့်ကွက်တယ်။ အတိအလင်းကန့်ကွက်တယ်။ နောက်တစ်ခါ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့မှားတယ်လို့ သဘောထားပေးပါတယ်။”လို့ ဦးခင်မောင်ဇော်က ပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေ ၉၆ (ဃ) တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း၊ စွပ်စွဲခံရသော ကလေးသူငယ်(သို့မဟုတ်)  မှုခင်းတွင် သက်သေအဖြစ်ပါဝင်သည့် ကလေးသူငယ်သည် မည်သူ မည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်ရယူခြင်း၊ ထည့်သွင်းခြင်း ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန်နှင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှု ဆက်သွယ်ရေး နည်းလမ်းများဖြင့်လည်း ထုတ်လွှင့်ခြင်းမပြုရဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly