ဗစ်တိုးရီးယားအမှုတွင် ကိုယ်ရေးအချက်အလက် ထုတ်ဖော်ပြောဆိုသူများကို စစ်ဆေးအရေးယူသင့်ဟုဆို

ဗစ်တိုးရီးယားအမှုတွင် ကိုယ်ရေးအချက်အလက် ထုတ်ဖော်ပြောဆိုသူများကို စစ်ဆေးအရေးယူသင့်ဟုဆို

နေပြည်တော် ၊ ဒီဇင်ဘာ ၂၀။          ။ ဗစ်တိုးရီးယား ၏  ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့သူများနှင့်  ရဲဇာနည် လူမှု ကွန်ယက်စာမျက်နှာကို တင်ခဲ့သည့်  တာဝန်ရှိသူများကို စစ်ဆေးအရေးယူသင့်ကြောင်း ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးခွင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ  ဒေါက်တာ ခင်စိုးစိုးကြည်က ရက်နေ့ ပြည်သူလွှတ်တော် အစည်းအဝေး အပြီးတွင် ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့က ရဲချုပ် ရုံး သတင်းစာ ရှင်းလင်းပွဲနှင့်  ရဲဇာနည် အမည်ရှိသည့်  လူမှု ကွန်ယက် စာမျက်နှာတွင် နစ်နာသူ ကလေးငယ်၏  အမည်ရင်း၊ မိဘအမည်ရင်းနှင့်   နေရပ်လိပ်များကို ထုတ်ဖော်ပြောဆို ဖော်ပြခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ဘယ်လိုဆက်လက်ပြီးတော့ ဆောင်ရွက်မှာလဲ ဘယ်အဆင့်ကနေ ထုတ်ပြန်လိုက်တာလဲ ၊ တာဝန်ရှိသူ အဆင့်ဆင့်က ဘယ်လို အရေးယူ ဆောင်ရွက်ပေးမှာလဲ ဒါကျွန်မတို့ မေးရမယ့် တာဝန် ရှိလာပါပြီ ။ပုဒ်မ ၁၀၁ မှာဆိုလို့ရှိရင် ပြဌာန်းထားတယ် အပိုဒ်ခွဲ အဓိက ဘာဖြစ်လာတာလဲဆို ပြစ်ဒဏ်မှာ ကျွန်မတို့ရှိလာတယ်/ ၁၀၁ အပိုဒ်ခွဲ က ရဲ့ ၂ မှာ ဆိုလို့ရှိရင် ဒီ ၉၆ ဃကို ကျွန်မတို့က ပြစ်မှုကျူး လွန်ထား တယ်ဆို လို့ရှိရင် ငြိသွားတယ် ဆိုလို့ရှိရင် ထောင်ဒဏ်လည်း ရှိတယ် ငွေဒဏ်လည်း ရှိတယ်  ။ နှစ်ရပ်စလုံးလည်း ချနိုင်တယ်။ ထောင်ဒဏ်ဆိုလို့ရှိရင် လေးလကနေ  ခြောက်လ ရှိမယ် တစ်နှစ်အထိ ချနိုင်တာပေါ့ ။ ငွေဒဏ်ဆိုလို့ရှိရင်  ကျွန်မတို့ လေးသိန်းကနေ ခြောက်သိန်းအထိ  ဖြစ်စေ ဒဏ် နှစ်ရပ်လုံး ဖြစ်စေအထိတောင် ပါပါတယ်၊ ဒါကြောင့်မို့လို့ ထိခိုက်နစ်နာတဲ့ သူတွေအတွက် တာဝန်ရှိသူ အသီးသီးဟာ ဒါကို စစ်ဆေးပြီးတော့ စီရင် ဆောင်ရွက် သင့်ပါတယ်လို့ ကျွန်မတို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနဲ့  ကလေးသူငယ် အခွင့်အရေးခွင်ဆိုင်ရာ ကော်မတီအနေနဲ့ ကျွန်မ ဒီကနေ ပြောလိုပါတယ်”ဟု ဒေါ်ခင်စိုးစိုးကြည်က ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့်  ကလေးသူငယ်အခွင့်အရေး ဥပဒေကို မသိခြင်းသည်  မဖြစ်သင့်ကြောင်းနှင့်  ဖြစ်လည်း မဖြစ်နိုင်ဟု  ယူဆကြောင်းလည်း ဒေါ်ခင်စိုးစိုးကြည်က သုံးသပ်ပြောဆိုသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ၉၆ (ဃ)မှာ မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်(သို့မဟုတ်) မှုခင်းတွင် သက်သေ အဖြစ်ပါဝင်သည့်  ကလေးသူငယ်သည် မည်သူ မည်ဝါဖြစ် ကြောင်း နှင့် မှုခင်းသတင်းအချက်အလက်ရယူခြင်း၊ ထည့်သွင်းခြင်းနှင့်  ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊  သတင်းစာ ၊ မဂ္ဂဇင်း  ဂျာနယ် နှင့်  စာအုပ်စာတမ်းများတွင်  ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရဟု ပြဌာန်းထားသည်။

ထို့အပြင် ရေဒီယို ၊ ရုပ်မြင်သံကြား နှင့်  လူမှု ဆက်သွယ်ရေး နည်းလမ်းများဖြင့်လည်း ထုတ်လွှင့်ခြင်းမပြုရဟု ဖော်ပြထားသည်။

“အချို့ကိစ္စတွေဆိုလို့ရှိရင် ကလေးသူငယ်တွေတောင်မှ မဟုတ်ပါဘူး။ အခြားပြစ်မှုတွေကျူးလွန်တာတောင်မှ အချို့ဆို နာမည်ဖျောက်ပြီးတော့မှ rename ဖော်ပြတာတွေရှိပါတယ်။ အခုလိုဒီဟာက ကလေးသူငယ်ကို နာမည် ဖော်တယ်။ နေရပ်လိပ်စာဖော်တယ်။ကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာကိုဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် ဥပဒေအရ တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဒါက မလုပ်သင့်မလုပ်ထိုက်တဲ့ အချက်အလက်မျိုးလို့ သုံးသပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

ယင်းကဲ့သို့  ရဲတပ်ဖွဲ့၏ ထုတ်ဖော်ပြောဆိုချက်များနှင့် ပတ်သက်ပြီး  အများပြည်သူကြားတွင်လည်း ဝေဖန်မှုများ  ရှိလာခဲ့သည့် နောက်ပိုင်းတွင်   ရဲတပ်ဖွဲ့က  ၎င်းတို့၏ ရဲဇာနည် လူမှုကွန်ယက် စာမျက်နှာ၌   တင်ထားသည့် သတင်းစာ ရှင်းလင်းပွဲ တိုက်ရိုက် ထုတ်လွှင့်မှု နှင့်  မှုခင်းမှတ်တမ်းထုတ်ပြန်ချက်များကို ပြန်လည်ဖြုတ်ချခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို  တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့်  သတင်းဌာန အချို့ကလည်း တိုက်ရိုက် ထုတ်လွှင့်မှုကို ပြန်လည် ဖြုတ်ချခဲ့ကြသည်။

 
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required