ONE Championship က မြန်မာနိုင်ငံသို့ ယူဆောင်လာ ခဲ့သည့် အပြောင်းအလဲ ၄ ခု

ONE Championship က မြန်မာနိုင်ငံသို့ ယူဆောင်လာ ခဲ့သည့် အပြောင်းအလဲ ၄ ခု

အာရှ၏ အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship သည် မြန်မာနိုင်ငံမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပရိသတ် အများစုကို ယင်းအားကစားနှင့် မိတ်ဆက်ပေးခဲ့သည့် ပြိုင်ပွဲဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ဝှေ့ အားကစား သမားများ ကမ္ဘာ့ အဆင့်ပြိုင်ပွဲ ကြီးတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရစေခဲ့သလို မြန်မာလူမျိုး ကမ္ဘာ့ချန်ပီယံ ကိုပင် မွေးထုတ်ပေး နိုင်ခဲ့သည့် ပြိုင်ပွဲလည်း ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲ များကို လေ့လာကြည့်သည့် အခါ အောက်ပါအတိုင်း တွေ့ရသည်။

(၁) MMA အားကစားကို စိတ်ဝင်စားလာကြခြင်း

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်က ပထမဆုံး ကျင်းပသည့် ONE Championship ပြိုင်ပွဲ မတိုင်မီက MMA ဟု ခေါ်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား အပေါ် မြန်မာတို့ စိတ်ဝင်စားမှု အားနည်းခဲ့သည်။ ယင်းပြိုင်ပွဲ မတိုင်မီ ကတည်းက UFC နှင့် Bellator တို့ကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများကို ပြည်တွင်း ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်နေပြီ ဖြစ်သလို “မြန်မာစပါးအုံး” အောင်လအန်ဆန် သည်လည်း အမေရိကန် ပြည်တွင်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေပြီ ဖြစ်သည်။ သို့သော် ပြည်တွင်း ပရိသတ် အနည်းငယ်မှလွဲ၍ ယင်းပြိုင်ပွဲများကို စိတ်ဝင်တစား အားပေး ကြည့်ရှုခဲ့သူ မရှိသလောက်ပင် ဖြစ်သည်။


ONE Championship ပြိုင်ပွဲများ မြန်မာနိုင်ငံတွင် ကျင်းပလာသည့် နောက်တွင်တော့ ပြည်တွင်း ပရိသတ်များသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ကို စိတ်ဝင်စားမှု မြင့်တက် လာခဲ့သည်။ မြင်တွေ့နေကျ လက်ဝှေ့ပွဲများ ကဲ့သို့ မဟုတ်ဘဲ ရှစ်ထောင့် သံဇကာ ကြိုးဝိုင်းအတွင်း တစ်ဦးနှင့် တစ်ဦး ကြမ်းပြင်ပေါ် လဲကျနေသည့် အချိန်အထိ ထိုးကြိတ် ချုပ်ကိုင် နေကြသည့် မြင်ကွင်းက မြန်မာ ပရိသတ်များ အတွက် အဆန်းတကြယ် ဖြစ်စေခဲ့သည်။ အောင်လအန်ဆန်ကို ပြိုင်ပွဲသို့ ခေါ်ယူစာချုပ်ခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ ဖြစ်သည်အထိ ယှဉ်ပြိုင်စေခဲ့သည့် အခါတွင်မူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် မြန်မာတို့ စိတ်အဝင်စားဆုံး အားကစားနည်း များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

(၂) မြန်မာလူမျိုး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်း

မြန်မာလူမျိူး များထဲတွင် နိုင်ငံတကာ အဆင့် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲကြီး တစ်ခု၏ ကမ္ဘာ့ချန်ပီယံ ဟူသော အောင်မြင်မှုမျိုးကို ရရှိခဲ့ဖူးသူ ရှားပါးပြီး ပေါ်ပေါက်ရန်လည်း ခက်ခဲသည့် အခြေအနေ ဖြစ်သည်။ သို့သော် အောင်လအန်ဆန် ONE Championship သို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် မယုံကြည် နိုင်လောက်သည့် အောင်မြင်မှုမျိုးကို ရယူကာ တိုင်းပြည်ကို မျက်နှာပန်း လှစေခဲ့သည်။ အောင်လအန်ဆန်သည် မြန်မာ့မြေပေါ်တွင် ကျင်းပသည့် ပြိုင်ပွဲတွင်ပင် အိမ်ရှင် ပရိသတ်၏ အားပေးမှုဖြင့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရယူခဲ့ခြင်း ဖြစ်သည်။


အောင်လအန်ဆန်၏ အောင်မြင်မှုမှာ ယင်းနေရာတွင်ပင် မရပ်သေးဘဲ လစ်လပ်နေသော ONE လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် အတွက် ယှဉ်ပြိုင်ခဲ့ ရာတွင်လည်း အနိုင်ရခဲ့သဖြင့် ONE Championship သမိုင်းတစ်လျှောက် Martin Nguyen ပြီးလျှင် ဒုတိယမြောက် ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်လာခဲ့သည်။ ထို့ပြင် ယင်းချန်ပီယံ ခါးပတ်များကို စိန်ခေါ်လာသည့် ပြိုင်ဘက်များ ကိုလည်း လေးကြိမ် တိုင်တိုင် အနိုင်ယူပြီး ချန်ပီယံ ကာကွယ်နိုင် ခဲ့သည်။ ထို့ကြောင့် အောင်လအန်ဆန်ကို ၂ဝ၁၈ ၏ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဆုပင် ရွေးချယ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

(၃) မြန်မာ့လက်ဝှေ့ သမားများ ပါဝင်ခွင့် ရလာခြင်း

ONE Championship ပြိုင်ပွဲများ မြန်မာနိုင်ငံတွင် ကျင်းပသည့် အချိန်တွင် အိမ်ရှင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ အဆင်သင့် မရှိသေး သဖြင့် ရှိပြီးသား မြန်မာ့ရိုးရာ လက်ဝှေ့ ကစားသမားကိုသာ အနည်းငယ် မွန်းမံသင်ကြားပြီး ရှစ်ထောင့် ကြိုးဝိုင်းထဲ ဝင်ရောက် ယှဉ်ပြိုင်စေ ခဲ့သည်။ လက်ဝှေ့အိတ် မစွပ်ရသည့် မြန်မာ့လက်ဝှေ့သည် လက်ဝှေ့အိတ် အပါးသာ စွပ်ရသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနှင့် လိုက်လျောညီထွေ ရှိခဲ့သည်။ ထို့ပြင် မြန်မာ့ လက်ဝှေ့ ပညာတွင်လည်း မတ်တပ်ရပ် အချုပ်အသိုင်း ပညာများ ပါသဖြင့် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် ပြိုင်ဘက်များကို ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်။


ထိုသို့ ယှဉ်ပြိုင်ရင်းက “ဘူရှီဒို” ဖိုးသော် ကဲ့သို့ ကစားသမားကောင်းများ ပေါ်ထွက် လာခဲ့ပြီး ဖယ်သာဝိတ်တန်း၏ အလဲထိုးနိုင်ပွဲ အများဆုံး ကစားသမား အဖြစ်ပင် မှတ်တမ်းဝင် ခဲ့သည်။ အခြား နာမည်ထွက်သည့် ကစားသမား များမှာ ပွဲအများဆုံး ကစားထားသည့် ရဲသွေးနီ၊ ရှုံးပွဲမရှိ ပွဲတိုင်းနိုင်သည့် ကစားသမား သပြေညို၊ မြန်မာတံခွန်စိုက် ရှုံးထွက်ချန်ပီယံ သွေးသစ်အောင် စသူတို့ ဖြစ်ကြသည်။ ယခုနောက်ပိုင်းတွင် အောင်လအန်ဆန် ကဲ့သို့ အခြား ကိုယ်ခံပညာဖြင့် ယှဉ်ပြိုင်နေသူပင် ကြိုးဝိုင်းထဲ အသုံးဝင်သည့် မြန်မာ့ လက်ဝှေ့ ပညာကို ပြန်လည် လေ့လာခဲ့ရသည်။

(၄) မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်စေခြင်း

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် မြန်မာပြည်တွင် စိတ်ဝင်စားခြင်း ခံရသည့် အားကစားနည်း တစ်ခု ဖြစ်လာသဖြင့် ယင်းပညာရပ်ကို စိတ်ဝင်တစား လေ့လာသင်ယူ လိုသူလည်း များပြားလာ ခဲ့သည်။ မြန်မာ နိုင်ငံတွင် ယခင်က ကိုယ်ခံပညာ သိုင်ပေါင်းစုံ အားကစား ဟူ၍ သတ်သတ်မှတ်မှတ် သင်ပေးသည့် သင်တန်း မရှိသော်လည်း လက်ဝှေ့၊ အနောက်တိုင်း လက်ဝှေ့၊ မွေထိုင်း၊ ဂျူဂျစ်ဆု၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို စသည့် ပညာရပ်များကို သီးသန့်စီ သင်ကြား ပေးနေသည့် သင်တန်းနှင့် အားကစားရုံများ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လေ့ကျင့်ရုံကို ONE Championship ကစားသမား ဖိုးသော်က ပထမဆုံး စတင် ဖွင့်လှစ်ခဲ့သည်။


ဖိုးသော်၏ Team PT သည် ဖိုးသော်အပြင် လက်ရှိ ONE Warrior Series တွင် ယှဉ်ပြိုင်နေသည့် စိုင်းဉာဏ်လင်း၊ ONE Championship ကစားသမားဟောင်း ကြယ်စင်ဖြိုး၊ မျိုးဆက်သစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖြစ်သည့် ကိုကိုအောင်၊ နော်အဲအဲ စသည့် ကစားသမားများ လေ့ကျင့်နေသည့် နေရာဖြစ်သည်။ ထို့ပြင် YGN Fight Club၊ BJJ Myanmar စသည့် အဖွဲ့အစည်း များနှင့် ကိုယ်ကာယ လေ့ကျင့်ရေး စင်တာများမှ သင်တန်းများ ကလည်း အလားအလာ ရှိသည့် မျိုးဆက်သစ် ကစားသမား များကို မွေးထုတ်ပေးနေပြီ ဖြစ်သည်။ ထို့ကြောင့် ONE Championship ပြိုင်ပွဲ၏ အကျိုး သက်ရောက်မှုဖြင့် မျိုးဆက်သစ် မြန်မာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ ထွက်ပေါ်လာခြင်းဟု ဆိုနိုင်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly