တာကူမီ မီနာမီနိုက လီဗာပူးလ်ရဲ့ တိုက်စစ်ကို ဘယ်လိုတိုးတက်စေမယ်ဆိုတာ ထုတ်ဖော်ပြောဆိုသွားတဲ့ ကလော့ပ်

တာကူမီ မီနာမီနိုက လီဗာပူးလ်ရဲ့ တိုက်စစ်ကို ဘယ်လိုတိုးတက်စေမယ်ဆိုတာ ထုတ်ဖော်ပြောဆိုသွားတဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က မီနာမီနိုဟာ ဆုံးဖြတ်ချက်တဲ့အပိုင်း၊ ဘောလုံးကို ရဲရဲရင့်ရင့် ကစားနိုင်တာနဲ့ တစ်ကိုယ်ကောင်းမဆန်တာတွေက လီဗာပူးလ်ရဲ့ တိုက်စစ်အတွက် အပြည့်အဝဖြည့်ဆည်းပေးစေမယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးလ်အသင်းဟာ အသက် (၂၄)နှစ်အရွယ် ဂျပန်လက်ရွေးစင်ကွင်းလယ်ကစားသမား တာကူမီ မီနာမီနိုကို ကြာသပတေးနေ့က ခေါ်ယူခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ လီဗာပူးလ်ကစားသမားအဖြစ် စတင်ခွင့်ရရှိမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့က ဆေးစစ်မှုအောင်မြင်ခဲ့တဲ့ မီနာမီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၇.၂၅)သန်းသာ ပေးခဲ့ရပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

မီနာမီနိုဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရက်ဘူးလ် ဆဲလ်ဘတ်အသင်းနဲ့အတူ လီဗာပူးလ်အသင်းကို ရင်ဆိုင်ခဲ့ဖူးပြီး တွေ့ဆုံခဲ့တဲ့ ပွဲနှစ်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို လီဗာပူးလ်အသင်းက အထင်ကြီးနေပြီးဖြစ်ပါတယ်။

"ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ သတင်းပါ။ အံ့အားသင့်စရာကောင်းတဲ့ ခေါ်ယူမှုလည်းဖြစ်တယ်။ အခုလိုခေါ်ယူနိုင်ခဲ့လို့ ကျနော်တို့ တကယ့်ကို ပျော်ရွှင်ပါတယ်။"လို့ ကလော့ပ်က လီဗာပူးလ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ပရိသတ်တွေက သူ့ရဲ့ ခြေစွမ်းကို လောလောလတ်လတ် အနီးကပ်မြင်တွေ့ထားပြီးဖြစ်တာကြောင့် ကျနော်အနေနဲ့ အများကြီး ပြောဖို့ မလိုတော့ပါဘူး။

"တာကူမီက အလွန်လျင်မြန်ပြီး အလွန်လိမ္မာပါးနပ်တဲ့ ကစားသမားပါ။ လိုင်းတွေကြားမှာ နေရာလွတ် ရှာတတ်သူလည်းဖြစ်တယ်။ ဘောလုံးကို ရဲရဲရင့်ကစားတတ်သူလည်းဖြစ်သလို ဘောလုံးမပါလဲ ရဲရင့်တဲ့သူဖြစ်လို့ သင့်လျော်တဲ့ အသင်းကစားသမားပါ။ တခြား သူတွေ အကျိုးဖြစ်ဖို့အတွက် သူ့ကိုယ်သူ အကောင်းဆုံးလုပ်ဆောင်သူဖြစ်တယ်။ သူ့ရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံကတော့ အပိုဆုပေါ့။"

မီနာမီနိုကလည်း လီဗာပူးလ်အသင်းမှာ ကစားခွင့်ရလိမ့်မယ်လို့ မထင်ခဲ့ပေမယ့် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့လို့ အလွန်ပျော်ရွှင်နေပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းသွားမယ်လို့ သူ့ရဲ့ပထမဆုံးအင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly