တရုတ်တက္ကသိုလ်ကြီးတစ်ခု၏ ပဋိညာဉ်စာတမ်းမှ ‘အတွေးအခေါ်လွတ်လပ်ခွင့်’ စကားစုကို ဖြုတ်ပစ်၍ အငြင်းအခုံများ ပေါ်ပေါက်

တရုတ်တက္ကသိုလ်ကြီးတစ်ခု၏ ပဋိညာဉ်စာတမ်းမှ ‘အတွေးအခေါ်လွတ်လပ်ခွင့်’ စကားစုကို ဖြုတ်ပစ်၍ အငြင်းအခုံများ ပေါ်ပေါက်

ဒီဇင်ဘာ ၂၀ ။                 ။ တရုတ်နိုင်ငံ ထိပ်တန်းတက္ကသိုလ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သည့် ရှန်ဟိုင်းရှိ ဖုတန်တက္ကသိုလ်သည် ၎င်း၏ ပဋိညာဉ်စာတမ်းတွင် ‘အတွေးအခေါ် လွတ်လပ်ခွင့်’ဆိုသည့် စကားစုကို ဖြုတ်ချခြင်းနှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုကို လိုက်နာမည်ဆိုသော ကတိကဝတ် ထည့်သွင်းခြင်း စသည်တို့ အပါအဝင်ဖြစ်သော ပြင်ဆင်မှုကို လုပ်ဆောင်ခဲ့သည်။

ယင်းသို့သော တက္ကသိုလ်ပဋိညာဉ်စာတမ်း ပြင်ဆင်မှုကြောင့် အငြင်းအခုံများ ပေါ်ပေါက်ပြီး ကျောင်းသားများ၏ ရှားရှားပါးပါး ဖီဆန်ခုခံမှုများပါ ဖြစ်ပွားလာခဲ့သည်။

တက္ကသိုလ်သုံးခုအတွက် ပြင်ဆင်ချက်ကို အတည်ပြုပြီးကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံတွင် လစ်ဘရယ်အကျဆုံး အဖွဲ့အစည်းတစ်ရပ်အဖြစ် သုံးသပ်ခံရသည့် ဖုတန်တက္ကသိုလ်၏ ပဋိညာဉ်စာတမ်း ပြင်ဆင်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထိုသို့ တက္ကသိုလ်၏ ပဋိညာဉ်စာတမ်း ပြင်ဆင်ချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း တရုတ်နိုင်ငံက လူမှုမီဒီယာတစ်ခုဖြစ်သည့် Weibo တွင် တုံ့ပြန်ငြင်းခုံမှုများ ထွက်ပေါ်လာခဲ့သည်။

“ဖုတန်တက္ကသိုလ်ရဲ့ ပဋိညာဉ်စာတမ်း ပြင်ဆင်ဖို့ အစပျိုးသူတွေကို မေးကြည့်ချင်မိတယ်။ ဖုတန်တက္ကသိုလ်က ကျွန်တော်တို့ ကျောင်းသားမျိုးဆက်အနေနဲ့ ကျော်ငးသားဟောင်းကြီးတွေကို ဘယ်လို မျက်နှာပြဝံ့မလဲလို့ ခင်ဗျားတို့ ခန့်မှန်းထားသလဲ။”ဟု Weibo အသုံးပြုသူတစ်ဦးက ပို့စ်ရေးသားသည်။

ထိုသို့ ‘အတွေးအခေါ် လွတ်လပ်ခွင့်’ဆိုသည့် စာသားကို ဖယ်ရှားသည့် ပဋိညာဉ် ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး အလားတူ မေးခွန်းထုတ်သည့် ပို့စ်များစွာ တက်လာခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် ဖြုတ်ချခံရသည်။

၂၀၁၂ တွင် သမ္မတ ရှီကျင့်ဖျင် ရာထူးရရှိလာပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် အင်တာနက် ထိန်းချုပ်ခြင်းကို ပိုမိုတင်းကြပ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required