ရဲတပ်ဖွဲ့ကို ကလေးသူငယ်ဥပဒေအရ မည်သူမဆို တရားပြန်စွဲနိုင်

ရဲတပ်ဖွဲ့ကို ကလေးသူငယ်ဥပဒေအရ မည်သူမဆို တရားပြန်စွဲနိုင်

နေပြည်တော်(ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည်ဟု ဆရာဝန်များက အတည်ပြုထားသော နေပြည်တော်က အသက်သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် သူ့မိဘများ၏ အမည်နှင့် အထောက်အထားများကိုပါ ထုတ်ပြန်လိုက်သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်သည် လူ့အခွင့်အရေးကို ချိုးဖောက်သလို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရလည်း တရားပြန်စွဲလို့ရကြောင်း ဝါရင့် ရှေ့နေကြီးတစ်ဦးက ပြောကြားလိုက်သည်။

ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသော ‘ရဲဇာနည်’ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာလ ၁၉ရက်၊ ညနေ ငါးနာရီခွဲခန့်က “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့် ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံရှစ်ပုံ တင်ခဲ့ပြီး ထိုအထဲတွင် နစ်နာသူ ကလေးငယ်နှင့် သူ့မိဘများ၏ အမည်၊ နေရာလိပ်စာနှင့် အလုပ်အကိုင်တို့ကိုပါ အသေးစိတ် ဖော်ပြခဲ့သည်။

ယခုနှစ် နှစ်လယ်ပိုင်းက သမ္မတဦးဝင်းမြင့်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပြဌာန်းထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၉၆တွင် မည်သူမှ ကလေးသူငယ် မည်သူ၊ မည်ဝါ ဖြစ်ကြောင်းကို ထင်ရှားစေသည့် အပြောအဆို၊ အရေးအသား၊ ဓာတ်ပုံနှင့် ရုပ်ပုံများကို ရေဒီယို၊ ရုပ်မြင်သံကြားအပြင် လူမှုကွန်ယက်တွင်ပါ ဖော်ပြရန် တားမြစ်ထားသည်။

‘ရဲဇာနည်” ဖေ့စ်ဘွတ်တွင် ဖော်ပြချက်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌာန်းချက်နှင့် “တိုက်ရိုက်ငြိစွန်းနေတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုပြီး ထိုလုပ်ရပ်အတွက် မည်သူမဆို တရားပြန်စွဲနိုင်သည်ဟုလည်း မဇ္ဈိမကို ပြောသည်။

“စွဲနိုင်တာပေါ့။ စွဲနိုင်တယ်ဆိုတာ မည်သူမဆိုလို့ ပါတယ်ဗျ။ ရဲတပ်ဖွဲ့ဝင် မဟုတ်သူမှလို့ မပါဘူးဗျ။ ဘယ်သူမဆို သူ့ကို တရားစွဲလို့ ရတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

အထက်ပါ တားမြစ်ချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး လေးလမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်လေးသိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည်။

လူအများစိတ်ဝင်စားသည့် နေပြည်တော်၊ သပြေကုန်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော အသက်သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွင် နစ်နာသူ ကလေးငယ်၏ ဂုဏ်သိက္ခာအတွက် ကလေးငယ်နှင့် အမည်နှင့် ဆပ်စပ်အကြောင်းအရာများကို ရှေ့နေများ၊ သတင်းဌာနများနှင့် လူအများကပါ လျှို့ဝှက်ပေးထားပြီး “ဗစ်တိုးရီးယား” ဟုသာ ခေါ်ဆိုခဲ့ကြသည်။

သို့ရာတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဗစ်တိုးရီးယား မည်သူမည်ဝါ ဖြစ်သည်ကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သေးသည်။ ကလေးငယ်အမည် ပါဝင်ခဲ့သောကြောင့် မဇ္ဈိမ အပါအဝင် သတင်းဌာနအချို့က အဆိုပါ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည် ဖြုတ်ချခဲ့သည်။

ရဲတပ်ဖွဲ့၏ ယင်းလုပ်ရပ်အတွက် ကလေးငယ်၏ ဖခင်ဖြစ်သူမှာ အလွန် ဝမ်းနည်းပူဆွေးနေရပြီး ဥပဒေကြောင်းအရ တုံ့ပြန်တော့မည်ဟုပင် ထုတ်ပြောလာသည်ဟု ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာကယံရှင်မိသားစုနှင့် နီးကပ်စွာ ကူညီဆောင်ရွက်ပေးနေသည့် ဒေါက်တာဝင်းကိုကိုသိန်း(သက္ကမိုးညို)က ပြောသည်။

“ဒါသည် လူ့ကျင့်ဝတ် ဖောက်ရုံတင် မကဘူး။ ဥပဒေပါ ဖောက်သွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ နားလည်၊ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့မှ သူတုံ့ပြန်တော့မယ်လို့ ပြောပါတယ်” ဟု ဒေါက်တာဝင်းကိုကိုသိန်းက မဇ္ဈိမကို ပြောသည်။

ဗစ်တိုးရီးယားအမှုတွင် တရားလိုရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း တရားဥပဒေစိုးမိုးရေးအတွက် ဦးဆောင်ပေးရသည့် ရဲတပ်ဖွဲ၏ ယခုလုပ်ရပ်အပေါ် ပြည်သူတစ်တစ်ယောက်အနေနှင့်ကော၊ နစ်နာသူကလေးငယ်အတွက်ပါ လွန်စွာ ယူကြုံးမရ ဖြစ်ရသည်ဟု ဆိုသည်။

“တော်တော်ရှော့ခ်ရပြီးတော့ သူ့(ဗစ်တိုးရီးယား) အဖေကဆိုရင် တော်တော်ကို ရှိုက်ကြီးတငင်ဖြစ်နေတာ ကြားလိုက်ရတော့ ကျွန်မလည်း လန့်ပြီး ဖုန်းပါ ချလိုက်ရတယ်” ဟု ဒေါ်ရွက်နုအောင်က ပြောပြသည်။

ရဲတပ်ဖွဲ့၏ ယခုလုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ‘ရဲဇာနည်’ ဖေ့စ်ဘွတ်စာမျက်နှာအောက်တွင်သာမက လူမှုကွန်ယက် သုံးစွဲသူ အများအပြားကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက် လက်ရှိတွင် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ဖြစ်စဉ်စာရွက်စာတမ်းများကိုပါ ပြန်လည်ဖြုတ်ချသွားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required