‘မက်ဆီရဲ့ နေရာမှာ အစားထိုးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ကစားသမားက နေမာပါ။’ –  ဘရာဇီးလ်သားကို ဘာစီလိုနာဆီ ပြန်လာစေချင်တဲ့ ရီဗယ်လ်ဒို

‘မက်ဆီရဲ့ နေရာမှာ အစားထိုးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ကစားသမားက နေမာပါ။’ –  ဘရာဇီးလ်သားကို ဘာစီလိုနာဆီ ပြန်လာစေချင်တဲ့ ရီဗယ်လ်ဒို
Photos: EPA

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ "ထာဝရ တည်တံ့နေမှာ မဟုတ်ဘူး"လို့ ရီဗယ်လ်ဒိုက ပြောကြားခဲ့ပြီး ထာဝရအကြီးကျယ်ဆုံးကစားသမားဟာ အနားယူသွားခဲ့ရင် ဒီဟာကွက်ကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ကစားသမားက နေမာက လွဲရင် အခြားမရှိဘူးလို့ သူက ယုံကြည်နေပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားအတွက် ကတ်တာလိုနီးယားဆီ တစ်ကျော့ပြန်လာမယ့်အရေးဟာ အချိန်အတန်ကြာ အငြင်းပွားဖွယ်ဖြစ်နေပါတယ်။

ရီဗယ်လ်ဒိုက နေမာဟာ ၂၀၁၇ ခုနှစ် ပီအက်စ်ဂျီအသင်းကို ဘာ့ကြောင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ခဲ့သလဲဆိုတာ အခုချိန်ထိ မေးခွန်း မေးမြန်းနေဆဲဖြစ်ပြီး သူ့ရဲ့ နိုင်ငံတူကစားသမားဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတာဟာ "မှားယွင်း"ခဲ့တယ်လို့ ယူဆနေပါတယ်။

ဘာစီလိုနာအသင်းမှာ (၅)နှစ်ကြာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်ခဲ့သူ ရီဗယ်လ်ဒိုက "မက်ဆီက ထာဝရကစားပေးနိုင်မှာတော့ မဟုတ်ဘူး။ တစ်နေ့နေ့တော့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဟာ ရောက်လာမှာဖြစ်ပြီး သူ ဘောလုံးလောကကို စွန့်ခွာပါလိမ့်မယ်။

"အခုအချိန်မှာ သူ့အနေနဲ့ ပွဲကို ခြားနားအောင် လုပ်ဆောင်ပေးနိုင်ပြီး ဂိုးတွေ သွင်းပေးနေတေယ်ဆိုပေမယ့် ခင်ဗျာအနေနဲ့ သူ့နေရာမှာ ကစားနိုင်မယ့် နောက်ထပ်ကစားသမားမျိုး ရှိဖို့ လိုပါတယ်။

"ဘာစီလိုနာမှာ မက်ဆီရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားတစ်ယောက်ပဲရှိပြီး အဲဒီကစားသမားက နေမာပါ။

"သူ (နေမာ) ဘာစီလိုနာက ထွက်သွားတာ မှားခဲ့တယ်။ ဒါပေမယ့် သူသာ ပြန်လာခဲ့မယ်ဆိုရင်တော့ အခုအချိန် မက်ဆီ လုပ်ပြနေသလိုမျိုး သူလည်း ခြားနားသွားအောင် လုပ်ပြန်နိုင်စွမ်းရှိပါလိမ့်မယ်။"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ရီဗယ်လ်ဒိုက ကြာသပတေးနေ့ မနက်မှာ ယှဉ်ပြိုင်ကစားမယ့် အယ်လ်ကလက်စီကို ပွဲစဉ်မှာ မက်ဆီ လုပ်ပြနိုင်မယ့် သက်ရောက်မှုအပေါ် အခုလို ပြောကြားသွားခဲ့ပါတယ်။

"သူ့ကို (မက်ဆီ) ရပ်တန့်နိုင်ဖို့ဆိုတာတော့ ခက်ခဲပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်ဟာ အကောင်းဆုံး ကြိုးစားသွားမယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလို မဟုတ်ရင်တော့ သူက ဂိုးတွေ သွင်းသွားပါလိမ့်မယ်။

"ကလက်စီကိုက တခြားပွဲနဲ့ မတူပါဘူး။ ဒါပေမယ့် မက်ဆီကတော့ ဒီလိုပွဲစဉ်တွေမှာ အမြဲပဲ အေးအေးဆေးဆေးပါ။ သူဟာ ဂိုးသွင်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။

"ကျနော့်အထင် နှစ်သင်းစလုံးက ကောင်းကောင်း ကစားနေပြီး သူတို့ဟာ ဒီပွဲစဉ်အတွက် ပုံစံကောင်းမှာ ရှိနေပါတယ်။ ကျနော် အမြဲ ပြောဖူးသလိုပါပဲ၊ ဒီနေရာမှာ ရေပန်းစားတဲ့ အသင်းဆိုတာ မရှိပါဘူး"

Ref; Yahoo Sports

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly