၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် ကျောင်းသား/သူ ၉၇၀၀၀၀ ကျော် စာရင်းပေးထား

၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် ကျောင်းသား/သူ ၉၇၀၀၀၀ ကျော် စာရင်းပေးထား
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန  ဧရာဝတီတိုင်းဒေသကြီးမှ ကျုံးပျော်မြို့နယ် ပညာရေးမှူးရုံးကိုတွေ့ရစဉ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇။             ။ ၂၀၂၀ မတ်လမှာ ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ကျောင်းသူ ၉၇၀၀၀၀ ကျော် စာရင်းပေးထားကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ်တွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဖြေဆိုရန် စာရင်းပေးထားသူမှာ ၈၉၀၀၀၀ ကျော်သာ ရှိခဲ့သည့်အတွက် စာရင်းပေးထားသည့် ကျောင်းသား/သူ ၁၀၀၀၀၀ နီးပါး တိုးလာကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောသည်။

“ ဒီနှစ်မှာ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူက ၉၇၀၀၀၀ ကျော်ရှိပါတယ်။ စာရင်းပေးထားတဲ့သူ ၁၀၀၀၀၀ ကျော်လောက် တိုးလာပါတယ်။ ဘယ်လောက် ဖြေတယ်ဆိုတာကတော့ စာမေးပွဲဖြေတဲ့ အချိန်ကျရင်တော့ အတိအကျ သိရပါမယ်။ ဒီနှစ်မှာလည်း စာစစ်ဌာန အနေကလည်း ဒီနှစ်မှာ ၁၀၀ ကျော်လောက် တိုးဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့(AA) ကြား ထိတွေ့မှုများ ဖြစ်နေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသများမှ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာမေးပွဲ ဖြေဆိုစဉ် ကာလများတွင် အလွယ် တကူ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများကို ပဋိပက္ခ လွတ်ကင်းသည့် နေရာများ၌ သီးခြားဖွင့်လှစ်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ပုံ - ၂ ကျောင်းသားများနှင့် ဆရာ/ဆရာများကိုတွေ့ရစဉ်။

ရခိုင်အမျိုးသားပါတီ(ANP)မှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ရခိုင်ပြည်နယ်မြောက်ပိုင်းက ၈ မြို့နယ် မှာ နေ့စဉ် ရက်ဆက် တစ်နေရာ မဟုတ် တစ်နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ မြို့ပေါ်မှာ စာစစ်ဌာနရှိသလို ရွာတွေမှာလည်း စာစစ်ဌာတွေ ရှိတယ်။ ဒီမှာက လက်နက်ကြီး ပေါက်ကွဲတာတို့ သေနတ်သံတွေ ကြားရင် ရွာတွေကနေ အကုန် ထွက်ပြေး ကြတာဆိုတော့ ကလေးတွေက စာမေးပွဲ ဘယ်လိုဖြေနိုင်မှာလဲ။ စာလည်း ဘယ်လို ကျက်နိုင်မှာလဲ။ ရခိုင်မှာ စစ်ပွဲတွေ ဖြစ်နေတော့ ကလေး တွေရဲ့ ပညာရေးက ပန်းကောင်း အညွှန့်ကျိုးသလို ဖြစ်နေဦးမှာပါပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံကတော့ ရခိုင်ပြည်နယ်တွင် စာမေးပွဲ ဖြေဆိုနိုင်ရေး ထိခိုက်မှုများ ယခုချိန်ထိ မရှိသေးကြောင်း၊ အကယ်၍ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက နီးစပ်ရာ မြို့ပေါ်များတွင် ဖြေဆိုနိုင် ရန် စီစဉ်သွားမည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာ၊ မတ် ၁၂ ရက်၌ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်မှာ သချာၤ စသဖြင့် ဖြေဆိုကြမည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်၌ ဓာတုဗေဒ၊ မတ် ၁၇ ရက်မှာ ရူပဗေဒ၊ မတ် ၁၈ ရက်တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ် ၁၉ ရက်မှာ ပထဝီဝင်၊ မတ် ၂၀ ရက်၌ သမိုင်း ဘာသာရပ်များကိုလည်း အသီးသီး ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုခဲ့သောနေ့မှာ ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူ ၈၉၇၉၉၄ ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၇၀ ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၄၆၄၂၄ ဦး ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly