ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံမှ လူငယ်များ ရင်းနှီးချစ်ခင်မှုရှိကြရန် သူရဦးအောင်ကို တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံမှ လူငယ်များ ရင်းနှီးချစ်ခင်မှုရှိကြရန် သူရဦးအောင်ကို တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၄  ။         ။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်များကြောင့် ငြိမ်းချမ်းရေး မရရှိသေးသော်လည်း ဘာသာပေါင်းစုံက လူငယ်များ အနေဖြင့် အချင်းချင်း ရင်းနှီးချစ်ခင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားသင့်ကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လူငယ်များကို တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့သော ဘာသာပေါင်းစုံက လူငယ်များ၊ ဘာသာ ရေး ခေါင်းဆောင်များ တွေဆုံဆွေးနွေးကြသည့် ယုံကြည်မှုပေါင်းစုံ လူငယ်များ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆိုင်ရာ လူငယ်ဖိုရမ်မှာ အမှာစကားပြောစဉ် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ နိုင်ငံတော်ရဲ့ သယံဇာတ၊ အကျယ်အဝန်း၊ လူဦးရေ၊ ပင်လယ် ကမ်းရိုးတန်း ပိုင်ဆိုင်မှုတွေကို တွက်ပြီးမှ နိုင်ငံကို ကြီးစဉ်ငယ်လိုက် စီလိုက်တဲ့အခါ (၄၂)ရှိပါတယ်၊ ကျွန်တော် တို့ နောက်မှာ နိုင်ငံပေါင်း(၁၅၀)ကျော် ကျန်ပါသေးတယ်၊ သို့သော်လည်း ကျွန်တော်တို့က လွတ်လပ်ရေး ရပြီး ချိန်ကစပြီး ယနေ့အထိ  ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ပါဝါကို မပြနိုင်သေးပါဘူး” ဟု ဆိုသည်။

 ဘာသာရေးနှင့် ပတ်သတ်ပြီး ဆိုရှယ်မီဒီယာများတွင် အမုန်းစကားများ များပြားလာခြင်းကြောင့် လူငယ်များ အနေဖြင့်လည်း မတူကွဲပြားမှုကို လက်ခံပြီး သတိထားပြောဆို ဆက်ဆံသင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ဆိုသည်။

“ ကျွန်တော်တို့ နိုင်ငံမှာက ဘာသာတရား တစ်ခုပေါ့၊ အစ္စလာမ် ဘာသာရယ်မှ မဟုတ်ဘူး၊ တစ်ယောက်ကို တစ်ယောက် အကြောင်းမဲ့သက်သက် မုန်းနေကြတာမျိုးတွေကို ကျွန်တော်ကတော့ မယုံကြည်ဘူး၊ ဘာလို့လဲ ဆိုတော့ အဓိကက မသိနားလည်မှုတွေ များတယ်လို့ပဲ ကျွန်တော်ယူဆတယ်၊ ဘာကြောင့်မုန်းလဲလို့ မေးရင် လည်း အဖြေက ထူးထူးခြားခြား ထွက်လာမယ် မထင်ဘူး”ဟု ၎င်းက ပြောသည်။

ဖိုရမ်မှာ အချင်းချင်း ရင်းနှီးမှု၊ နားလည်မှု ရရှိပြီး ဘာသာရေး ပွဲတော်များနှင့် ဘာသာတစ်ခုချင်းစီ၏ တန်ဖိုး အနှစ်သာရကို နားလည်လာခြင်းကြောင့် ချိတ်ဆက်ဆောင်ရွက်ရာမှာ လွယ်ကူလာသည်ဟု ပွဲတက်ရောက်လာ သူများက ပြောကြသည်။

လူမှု အသိုင်းအဝန်းတွင် ဘာသာရေးနှင့်ဆိုင်သည့် ပဋိပက္ခ ဖြစ်ပေါ်နေချိန်မှာ ပဋိပက္ခ ဆက်လက် မကြီးထွား လာစေရန် တာဝန်ယူ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မည့် ယုံကြည်မှု ပေါင်းစုံ၊ ဘာသာပေါင်းစုံက လူငယ် ကွန်ရက်တစ်ခု ထွက်ပေါ်လာနိုင်စေရန် လူငယ်အများစုက မျှော်လင့်နေကြသည်။

အဆိုပါ လူငယ်ကွန်ရက်ကို ဖွဲ့စည်းဖြစ်ပါက မြန်မာနိုင်ငံတွင် အဓိက ကိုးကွယ်ယုံကြည်မှုများသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာမှ ဘာသာဝင်များအပြင် တခြား ယုံကြည် ကိုးကွယ်မှု အမျိုးမျိုးကို ခံယူထားသူများလည်း ပါဝင်နိုင်ကြောင်း ယုံကြည်မှုပေါင်းစုံ လူငယ်များ ငြိမ်းချမ်းရေး ဖိုရမ် အစီအရင်ခံစာမှာ တိုက်တွန်းထားသည်။

လက်ရှိတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ငြိမ်းချမ်းရေးကို ဘာသာရေး လမ်းကြောင်းမှ အထောက်အပံံ့ပြုမည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly