လာမယ့် အပတ်အတွင်း ကစားမယ့် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ရွှေ့ဆိုင်းပွဲစဉ် 'အယ်လ်ကလက်စီကို'အတွက် ရဲနဲ့ ကိုယ်ပိုင်လုံခြုံရေးအေးဂျင့် အယောက် (၃,၀၀၀)ခန့်ကို ဖြန့်ကျက်ထားမယ်လို့ ဒေသခံအာဏာပိုင်တွေက သောကြာနေ့က ပြောပါတယ်။
ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်မှာ ကစားမယ့် လာလီဂါပထမအကျော့ပွဲစဉ်ကို အောက်တိုဘာ (၁၀)ရက်မှာ ကစားဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် ကတ်တလန်ခွဲထွက်ရေးဆန္ဒပြပွဲတွေကြောင့် ဒီဇင်ဘာ (၁၈)ရက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဆူနာမီဒီမိုကရက်တစ်လို့ အမည်ရတဲ့ ကတ်တလန်ခွဲထွက်ရေးလိုလားသူများအဖွဲ့ဟာ ဘာစီလိုနာနဲ့ ရီးယဲမက်ဒရစ်တို့ရဲ့ ပွဲစဉ်မတိုင်မီ နူးကမ်ကွင်းပြင်ပမှာ "ကြီးမားတဲ့ ဆန္ဒပြပွဲ"တစ်ရပ် ပြုလုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။
"ဒီပွဲကို ရှေ့ဆက် ကစားနိုင်ဖို့၊ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်နိုင်ဖို့နဲ့ ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ လုံခြုံရေးအတွက်ကိုပါ ရဲတပ်ဖွဲ့က အာမခံပါလိမ့်မယ်။"လို့ ကတ်တလန်ပြည်ထဲရေးဌာန အကြီးအကဲ Miquel Buch က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ကတ်တလန်ရဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲအယောက် (၁၀၀၀)ဟာ အခြားသော ရဲတပ်ဖွဲ့တွေနဲ့ ကိုယ်ပိုင်လုံခြုံရေး အေဂျင်စီများမှ အေးဂျင့်အယောက် (၂၀၀၀)တို့နဲ့အတူ လုံခြုံရေး တာဝန်ယူသွားမှာဖြစ်ပါတယ်။
အေးဂျင့်တွေက နှစ်ဖက်အသင်း၊၊ ဒိုင်တွေနဲ့ ပရိသတ်တွေ ပြဿနာတွေမရှိဘဲ အားကစားကွင်းထဲ ဝင်ရောက်နိုင်ဖို့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကစတင်လို့ နူးကမ့်အနီးတစ်ဝိုက်ကို စောင့်ကြပ်ပေးမယ်လို့ သိရပါတယ်။
သူတို့ဟာ ဆန္ဒပြသူတွေကို ကွင်းနဲ့ နီးကပ်လို့ မရနိုင်အောင် ကြိုးဝါလိုင်းတားပြီး အသေအချာ ပိတ်ဆို့တားဆီးထားမှာလည်းဖြစ်ပါတယ်။
ဆူနာမီဒီမိုကရက်တစ်အဖွဲ့ကတော့ ပွဲမစတင်မီ (၄)နာရီအလို နူးကမ့်ဝန်းကျင် (၄)နေရာမှာ ဆန္ဒပြသူတွေ စုရုံးနေကြဖို့ တိုက်တွန်းထားခဲ့တယ်လို့ သိရပါတယ်။
Ref; AFP