တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်မှု ကော်မတီ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးဖို့ ရခိုင်အမတ်ထောက်ပြ

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်မှု ကော်မတီ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးဖို့ ရခိုင်အမတ်ထောက်ပြ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃။            ။ ပြည်သူ့လွှတ်တော် ၊ တိုင်းရင်းသားရေးရာနှင့်  ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ၏  လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးရန်  ဒီဇင်ဘာ ၁၃ ရက်နေ့က ပြည်သူလွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့်  ကော်မတီ၏  နှစ်ပတ်လည် အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ရသေ့တောင်မဲဆန္ဒနယ်မှ  ဒေါ်ခင်စောဝေက  ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကော်မတီအနေဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့်  ဒေသက စစ်ဘေးရှောင်စခန်းများကို သွားရောက်ပြီး ပြည်သူ့အသံနှင့် အခက်အခဲများကို အားပေးကူညီပြီး  ဖြစ်နိုင်လျှင်  တိုက်ပွဲတွင် ပါဝင်ပတ်သက်နေသူများနှင့်  ညှိုနှိုင်းအဖြေရှာသင့်သည်ဟု ဒေါ်ခင်စောဝေကပြောသည်။

 “လွှတ်တော်ကြီးကို ကိုယ်စားပြုတဲ့  လွှတ်တော်ငယ်လေးတွေရဲ့ သတ်မှတ်ထားတဲ့ ကော်မတီတစ်ရပ်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များထဲတွင် ထဲထဲဝင်ဝင်ဆောင် ရွက်နိုင်ရေးတို့အတွက် လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးသင့်ပါကြောင်း အကြံပြုတိုက်တွန်းရင်း၊ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းနိုင်ပါစေလို့ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်” ဟု ဒေါ်ခင်စောဝေ က လွှတ်တော်ကို တိုက်တွန်းသည်။

ကော်မတီအနေဖြင့်လည်း  ပြည်တွင်းငြိမ်းချမ်းရေးဖော်ေဆာင်သည့် လုပ်ငန်းများနျင့် ပတ်သက်ပြီး လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့်  အခြေအနေ အခက်အခဲနှင့် အတားအဆီးအဟန့်အတား အနှောင့်အယှက်များကို  ပြီးပြည့်စုံသည့် အစီရင်ခံစာတစ်စောင်ကိုလည်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းသင့်ကြောင်း တွံတေးမဲဆန္ဒနယ်မှ  ဦးမြင့်လွင်က အကြံပြုပြောကြားသည်။

 “ကျွန်တော်တို့မှာ ပေးထားတဲ့တာဝန်က ဒီ လွှတ်တော်ငြိမ်းချမ်းရေးကော်မတီ အနေနဲ့က သက်ဆိုင်ရာ အဖွဲ့အစည်းများကိုခေါ်ယူနိုင်တယ်။ တွေ့ဆုံနိုင်တယ်။ ဆွေးနွေးနိုင်တယ် ။ဥက္ကဌ လမ်းညွှန်မှုအရ ဆောင်ရွက်နိုင် တယ်ဆိုတဲ့ အနေအထားမျိုးလောက်ပဲ တာဝန်ကို ပေးထားတာရှိတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကဏ္ဍနဲ့ ပတ်သက်လို့ ဒီပုဒ်မ တစ်ခုလေးပဲ တာဝန်တစ်ခုလေးပဲ ပေးထားတဲ့ အခြေအနေ ဒါကြောင့်မို့လို့ ဆောင်ရွက်ရမယ့် အနေအထားမျိုးကတော့ဒီ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ကတော့ ဒါကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ပေးတဲ့တာဝန်ကတော့ ဒီဟာတာဝန်နဲ့ လုပ်ပိုင်ခွင့်မှာ တော့ နည်းနေတယ်ဆိုတဲ့ အနေအထားမျိုး ပါ ”ဟု ပြည်သူ့လွှတ်တော် ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်လောင်းမဲဆန္ဒနယ် ဦးခွန်မောင်သောင်းက ပြောသည်။

အဆိုပါ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအပေါ်  ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုပြီးဆုံးခဲ့ပြီး နောက် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုချက်ရယူရန် ဥက္ကဋ္ဌဦးတီခွန်မြတ်က ပြောကြားခဲ့ရာမှာ ပြည်သူ့လွှတ်တော်က  အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required