မိုးကုတ်တွင် ကျောက်မျက်နည်းပညာကျောင်း ဖွင့်လှစ်ပေးရန် လိုလားနေကြ

မိုးကုတ်တွင် ကျောက်မျက်နည်းပညာကျောင်း ဖွင့်လှစ်ပေးရန် လိုလားနေကြ

မန္တလေး(ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အစိုးရအနေဖြင့် ကျောက်မျက်နည်းပညာသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ပေးစေလို သည်ဟု ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို ကာလရှည်ကြာ လုပ်ကိုင်နေသည့် ဒေသခံများက ပြောကြသည်။

မိုးကုတ်မြို့ထွက် နာမည်ကြီး ပတ္တမြား အပါအဝင် ကျောက်မျက်ရတနာများ ရောင်းဝယ်ရာတွင် နည်းပညာမရှိခြင်းကြောင့် အများစုက အရိုင်းအတိုင်း ရောင်းဝယ်ကြရာတွင် နစ်နာမှုများ ရှိနေခြင်းကြောင့် နည်းပညာပိုင်း  ဆိုင်ရာ သင်တန်းကျောင်းတစ်ခု လိုအပ်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

"အစိုးရအနေနဲ့ သင်တန်းကျောင်းတွေ ဖွင့်ပေးစေချင်တယ်ဗျာ။ ဒီမှာက ကျောင်းမီးစမ်းတာတောင်မှ လက်မခံဘူး။ နိုင်ငံခြားမှာ သွားစမ်းရတယ်” ဟု ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာ လုပ်ကိုင်လာသည့် ဒေသခံ ဦးဇော်ဝင်းက ပြောသည်။

မိုးကုတ်ဒေသထွက် အရည်အသွေးကောင်းမွန်သည့် ကျောက်မျက်ရတနာများကို ဘန်ကောက်နှင့် ဆွစ်စလန်နိုင်ငံတို့တွင် အများစုက သွားရောက်မီးစမ်း စစ်ဆေးရသောကြောင့် ကုန်ကျစရိတ်များ ရှိနေခြင်း ဖြစ်သည်။

မီးစမ်းခြင်းဆိုသည်မှာ ကျောက်ကို မီးဖုတ်၍ အတု၊ အစစ် ခွဲခြင်း၊ ပြုပြင်ထားခြင်းရှိ၊ မရှိ ဆေးသွင်းထားခြင်း၊ အရောင်သွင်းထားခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးခြင်း ဖြစ်သည်။

“ဆေးသွင်းတာလည်း ရှိနိုင်တယ်။ အတုလည်း ရှိနိုင်တယ်။ အဆင့်မီ ဓာတ်ခွဲခန်းတွေ၊ နည်းပညာကျောင်းတွေ လိုတာပေါ့” ဟုလည်း ကျောက်မျက်ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ဒေသခံတစ်ဦးဖြစ်သူ ကိုဆန်ဂျေးက ပြော  သည်။

အစိုးရအနေဖြင့် ကျောက်မျက်နည်းပညာသင်တန်းကျောင်း အကောင်အထည်ဖော်ပေးပါက အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်သလို ဒေသထွက် ကျောက်မျက်ရတနာကို ဒေသတွင်းမှာပင် အရည်အသွေးနှင့် အညီ တန်းဖိုရရှိမှာ ဖြစ်ပြီး နိုင်ငံတကာတွင်လည်း စျေးကောင်းရရှိမည်ဖြစ်သည်ဟု ဒေသခံ ကျောက်မျက်လုပ်ကိုင်သူတစ်ချို့က သုံးသပ်သည်။

“ကျောက်ကောင်းဆို ဒီမှာမမြင်ရတော့ဘူး။ နည်းလမ်းပေါင်းစုံနဲ့ အပြင်ထုတ်တော့တာပဲ။ ဒီလိုထုတ်မှလည်း စျေးကောင်းရတာဗျာ။ ဒီမှာ ဘာဖြစ်နေလည်းဆိုတော့ အဓိက နည်းပညာပဲ။ မိရိုးဖလာနဲ့ စမ်းသပ်ပြီး ရောင်းရ တယ်။ စျေးက ရသင့်သလောက်မရတာလည်းပါတယ်။ အဲတော့ အစိုးရလည်း နစ်နာတယ်။ ကျွန်တော်တို့ဒေသအတွက်လည်း နစ်နာတာပေါ့ဗျာ” ဟု ဒေသခံ ကျောက်ကုန်သည် စိုင်းလုံက ပြောသည်။

ထိုသို့ ကျောက်မျက်နည်းပညာသင်တန်းကျောင်း မိုးကုတ်မြို့တွင် ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတာမှ ချိတ်ဆက်လာမှုတစ်ချို့ ရှိနေပြီဟု မိုးကုတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ဆိုသည်။

“နိုင်ငံတကာက ဆက်သွယ်လာတာတွေရှိပါတယ်။ သူတို့က ဒီမှာလေ့လာပြီးတော့ သင်တန်းတွေ ပေးချင်တယ်။ စင်တာလည်းဖွင့်ချင်တယ်။ အစိုးရနဲ့ ပေါင်းပြီးတော့ပေါ့။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ပေါ့။ သူတို့ လာလုပ်ပေးချင် တယ်။ သူတို့ အကုန်အကျခံပါရစေဆိုပြီး ပြောလာတာရှိပါတယ်။ ဆွစ်ဆလန်နိုင်ငံက ကုမ္ပဏီတစ်ခုပေါ့" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ ကျောက်မျက်ကုန်သည်များ ဝင်ရောက်လာစေရန်အတွက် မိုးကုတ်မြို့တွင် ကျောက်မျက်ရတနာရောင်းပွဲတော်များကို အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ပေးရန်လိုသလို အမြန်ဆုံးလည်း ကျောက်မျက်နည်းပညာ သင်တန်းကျောင်းဖွင့်လှစ်ပေးရန် လိုအပ်လျှက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required