ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလီဘောအသင်းအနေဖြင့် ဘာကြောင့် ဆုတံဆိပ်လွှဲချော်ခဲ့သလဲ

ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလီဘောအသင်းအနေဖြင့် ဘာကြောင့် ဆုတံဆိပ်လွှဲချော်ခဲ့သလဲ

ဒီဇင်ဘာ ၁၃ ။    ။ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဖိလစ်ပိုင် ဆီးဂိမ်း)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာဘောလီဘောအသင်းအနေဖြင့် ပြိုင်ပွဲကာလ မတိုင်မီနှင့် ပြိုင်ပွဲကာလအတွင်းတွင် အသင်းခေါင်းဆောင် အောင်သူ၊ မျိုးမင်းဦး ၊ ဇော်ဝင်းလှိုင်တို့ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အဓိက ကစားသမား မရှိသည့်အခြေအနေဖြင့် ပြိုင်ပွဲပြီးဆုံးချိန်တွင် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

"အသင်းသားတွေ အကုန်လုံးက ကျနော်အပေါ် အားကိုးပြီး ကစားနေတယ်။ ၅၀ ရာခိုင်နှုန်းလောက် အားကိုးပြီးကစားနေတယ်။ အသင်းအပေါ် ၅၀ ရာခိုင်နှုန်းမကဘူး ကစားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အသင်းနဲ့ကစားတယ်။ တန်းတူကစားတယ်။ အကောင်းဆုံး ကစားတယ်။ ဒဏ်ရာရသွားတော့ အသင်းသားတွေလည်း စိတ်ဓာတ်ကျသွားတဲ့အပိုင်းလည်းပါတယ်။ ကျွန်တော်လည်း အမှန်တိုင်းပြောရရင် စိတ်ဓာတ်ကျသွားတယ်။ တကယ်လည်းဝမ်းနည်းပါတယ်။ ဆေးရုံမှဆို ထမင်း၊ ရေသောက်တာကို လုံးဝ မလုပ်နိုင်ဘူး။ တော်တော်လေး စိတ်မကောင်းဖြစ်သွားပါတယ်။"ဟု အသင်း၏အရေးပါသူတစ်ဦးဖြစ်သူ ဂျပန်ဘောလီဘော Toray Arrows ကလပ်မှ ကစားသမား အောင်သူ က မဇ္စျိမသတင်းဌာနကို ပြောသည်။

မြန်မာဘောလီဘောအသင်းအနေဖြင့် အုပ်စု(က) တွင် ထိုင်း၊ စင်ကာပူအသင်းတို့ဖြင့် ကျရောက်နေခြင်းဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃ပွဲပြတ်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အဓိကကစားသမား ဖြစ်သူ အောင်သူ ဒဏ်ရာရရှိခဲ့တာဖြစ်သည်။ စင်ကာပူအသင်းသည် ပထမပွဲစဉ်တွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် မြန်မာအသင်းအနေဖြင့်အုပ်စုဗိုလ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

"တစ်ခြားနိုင်ငံမှာဆို Pro Leauge တွေရှိတယ်။ သက်တမ်းအလိုက် ပြိုင်ပွဲတွေရှိတယ်။ ဘောလီဘောပြိုင်ပွဲကို အမြဲတမ်းဆော့်နေတာ။ ကျွန်တော်တို့ကြတော့ တစ်နှစ်မှတစ်ခေါက်ပဲ ပြိုင်ပွဲရှိတဲ့အတွက် အရမ်းအခက်အခဲဖြစ်တယ်။ တစ်ခြားနိုင်ငံမှာ ဘောလီဘောကို အရမ်းစိတ်ဝင်စားတယ်။ အသက်အငယ်ကနေ အသက်ကြီးတဲ့အထိ လက်ရွေးစင်ဖြစ်တဲ့အချိန်ထိ စိတ်ဝင်စားတယ်။ သူတို့က ကြိုးစားတယ်။

ဒီမှာက အသက် ၂၀ ၊၂၁ လောက်ကြမှ အဖွဲ့ချုပ်မှ ခေါ်ပြီး မွှေးတော့ အဲကနေစပြီးလေ့ကျင့်ပေးတော့ အများကြီးနောက်ကျနေတာပါ၊ ပြိုင်ပွဲမရှိတာက အဆိုးဆုံးပါ။"ဟု မြန်မာလက်ရွေးစင်ဘောလီဘောအသင်း၏ နည်းပြချုပ် ဦးကျော်စွာဝင်းက ပြောသည်။

အုပ်စုနောက်ဆုံးအဆင့်တွင်  ထိုင်းအသင်းကို ယှဉ်ပြိုင်ရာတွင် အဓိကကစားသမား အောင်သူနှင့် မျိုးမင်းဦးတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ ထိုင်းအသင်းကို ၃ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။ ဆီးမီးဖိုင်နယ်တွင် အင်ဒိုနီးရှားအသင်းကို ၃ပွဲပြတ် ထပ်မံရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင် ထိုင်းအသင်းကို ၃ပွဲပြတ် ထပ်မံရှုံးနိမ့်ခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာဘောလီဘောအသင်းအနေဖြင့် စတုတ္ထနေရာတွင်ရပ်တည်ခဲ့သည်။

အရှေ့တော်ငအာရှ ဆီးဂိမ်း ပြိုင်ပွဲမတိုင်မှီတွင် ကျွန်းဆွယ်နိုင်ငံများ အားကစားပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာ ဘော်လီဘောပြိုင်ပွဲမျာ တွင် ၁၉၆၁ ၊ ၁၉၆၅ ၊ ၁၉၆၉ ၊ ၁၉၇၅ ၊ ၁၉၇၉  တို့တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ပြီးခဲ့သည့်
၂၀၁၃ ဆီဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလီဘောအသင်းအနေဖြင့် စတုတ္ထ နေရာတွင်ရပ်တည်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required