Bibiano Fernandes နှင့် ယှဉ်ပြိုင်ထိုးသတ်လိုသည့် Saadulaev

Bibiano Fernandes နှင့် ယှဉ်ပြိုင်ထိုးသတ်လိုသည့် Saadulaev

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပါင်းစုံအဖွဲ့အစည်း ONE Championship ၏ ဘန်တန်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်အား ကစားသမား Bibiano “The Flash” Fernandes ကို စိန်ခေါ်နိုင်သူအဆင့်ရှိသော ထိပ်တန်း အားကစားသမားများအနက် တစ်ဦးအပါအ ဝင်ဖြစ်သူက Yusup “Maestro” Saadulaev ဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ရုရှားအားကစားသမား Saadulaev သည် ၂၀၁၉ ခု နှစ်၊ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံတွင်ကျင်းပသည့် ONE: AGE OF DRAGONS ပြိုင်ပွဲ၌ ဂျပန်အားကစားသမား Daichi Takenaka နှင့်ပွဲတွင် အမှတ်ဖြင့်အနိုင်ယူကာ ၂ ပွဲ ဆက် အနိုင်ရထားသည်။ သို့သော်လည်း Uflacker Academy အသင်းသား ၎င်း သည် နိုင်ပွဲကို အ လွယ်တကူ ရယူနိုင်ခဲ့ခြင်းမဟုတ်ဘဲ ဒဏ်ရာများနှင့်ရင်းနှီးခဲ့ပြီးမှ အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Saadulaev သည် Takenaka နှင့်ပွဲ တွင် ပထမအချီမှာပင် လက်ကျိုးသွားခဲ့သလို ဒုတိယအချီတွင်လည်း လက်ဖျံရိုး ထပ်မံကျိုးသွားခဲ့သည်။

သို့သော်လည်း ၎င်းသည် ဒဏ်ရာရရှိနေသော်လည်း ပွဲပြီးဆုံးသည်အထိ ဇွဲနဘဲဖြင့် အံခဲယှဉ်ပြိုင်ကာ အမှတ်ပေးဒိုင်လူကြီး ၂ ဦး၏ အနိုင် ပေးမှုဖြင့် ထိုက်ထိုက်တန်တန် အောင်ပွဲရခဲ့သည်။ ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းသည် ဆေးစစ်မှုများပြုလုပ်ကာ ကုသမှုခံယူခဲ့ပြီး လက်ရှိအ ချိန်တွင် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်နေပြီဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက ရုရှားနိုင်ငံ၏ ထိပ်တန်း န ပမ်းသင် တန်းကျောင်းတစ်ခု၌ သင်တန်းတက်ရောက်စေခဲ့ပြီးနောက် Saadulaev သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနှင့် စတင် မြည်းစမ်း ခွင့်ရခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ ဂျူဂျစ်ဆုနှင့် လက်ဝှေ့ကို လေ့လာသင်ကြားခဲ့သည်။ မြေပြင်ချုပ် ကွက်ပိုင်းကို အထူးပြုသင်ကြားခဲ့သော ၎င်းသည် နောက်ပိုင်းတွင် အောင်မြင်မှုများရရှိခဲ့ပြီး NAGA ရွှေတံဆိပ်၊ Pan American ဂျူဂျစ်ဆု ချန်ပီယံ၊ TFC ဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ်များအား ဆွတ်ခူးနိုင်ခဲ့သည်။

၎င်းသည် ၂၀၁၂ ခုနှစ်မှစတင်ကာ ONE Championship တွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး အတွေ့အကြုံရင့် အားကစားသမားတစ်ယောက် လည်းဖြစ်သည်။ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်သောပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရခဲ့သော်လည်း အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီး မားမားထားရှိသော Saadulaev သည် ဒဏ်ရာပြန်လည်သက်သာလာပြီးနောက် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။ ONE Championship တွင်ယှဉ်ပြိုင်စဉ် ဖလိုင်းဝိတ်တန်းကမ္ဘာ့ချန်ပီယံ Adriano “Mikinho” Moraes အပါအဝင် BRACE ဘန်တန်ဝိတ်တန်း ချန်ပီယံ Jordan Lucas၊ ဂျပန်ဝါရင့်အားကစားသမား Masakazu Imanari တို့ကို အနိုင်ရထားသည်။ ဒဏ်ရာက အပြည့်အဝမသက် သာသေးသောကြောင့် စိတ်ရှိသလောက် လေ့ကျင့်နိုင်ခြင်းမရှိသေးသော်လည်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အကောင်းဆုံးပုံစံဖြင့် ပြန် လာနိုင်မည်ဟု Saadulaev က ကြုံးဝါးသည်။

“Takenaka နဲ့ပွဲမှာ ပထမအချီမှာကတည်းက လက်ကျိုးသွားတယ်။ ဒုတိယအချီရောက်တော့လည်း လက်ဖျံရိုးက ထပ်ကျိုးပြန်တယ်။ ဒီ ဒဏ်ရာနှစ်ခုက ကျွန်တော့်ကို တော်တော်လေး နှေးကွေးစေခဲ့တယ်။ ပထမဆုံး ကျွန်တော့်ရဲ့တိုက်စစ်ကစားပုံကို ထိခိုက်သွားသလို ဒုတိ ယက နပမ်းချုပ်ကွက်ပိုင်းကိုပါ အကျိုးသက်ရောက်မှုရှိခဲ့တယ်။ နပမ်းချုပ်ကွက်က ကျွန်တော့်ရဲ့အားသာချက်ဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ပြိုင်ဘက်က အရမ်းသန်မာတယ်ဆိုတာ ကျွန်တော် မမေ့ပါဘူး။ Takenaka က ရှုံးပွဲမရှိသေးတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့လို က စားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ရတာဟာ လွယ်ကူတဲ့တွဲဆိုင်းတစ်ခုတော့ မဟုတ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။ လက်ကျိုးသွားသည့် အသံကိုပင် ကြားခဲ့ရပြီး ပွဲပြီးသည်နှင့် ဆေးရုံသို့သွားရောက်ကာ ဓာတ်မှန် ရိုက်ခဲ့သလို ဆေးကုသမှုခံယူခဲ့ရသည်ဟုလည်း ၎င်းက ဆို သည်။

ယခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ ၃ ကြိမ်တွင် ၂ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသော ၎င်းက ဘန်တန်ဝိတ်တန်းတွင် ယှဉ်ပြိုင်ရ သည်ကို သက်သောင့်သက်သာခံစားနေရသည်ဟု ပြောသည်။ Saadulaev သည် ၂၀၁၉ ခုနှစ်၊ မေလမှစတင်ကာ Takenaka နှင့်ထိုး သတ်သည့် နိုဝင်ဘာလအထိ ၃ ပွဲအထိ ယှဉ်ပြိုင်ခဲ့ရပြီး ONE Championship တွင်ယှဉ်ပြိုင်သည့်ကာလအတွင်း အလွန်အလုပ်များ သောကာလများဖြစ်ခဲ့သည်ဟု ဝန်ခံသည်။

“လက်ရှိအချိန်မှာ ဘန်တန်ဝိတ်တန်းမှာယှဉ်ပြိုင်ရတာ အရမ်းကို သက်သောင့်သက်သာဖြစ်မိတယ်လို့ ခံစားရတယ်။ ဒီဝိတ်တန်းရဲ့အ ကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ Dae Hwan Kim နဲ့ Daichi Takenaka တို့ကို အနိုင် ရခဲ့တယ်။ မေလကစလို့ ပြိုင်ပွဲ ၃ ပွဲယှဉ်ပြိုင်ခဲ့ရလို့ ကျွန်တော့်အတွက် အရမ်းကို အလုပ်များခဲ့တဲ့နှစ်ပါပဲ။ ONE Championship မှာ ယှဉ် ပြိုင်ခဲ့သမျှ ကာလတစ်လျှောက် ဒီနှစ်လောက် အလုပ်များတဲ့နှစ် မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။ လာမည့်နှစ်သစ်တွင် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကိုရယူရန် ရည်မှန်းထားပြီး ONE Championship အနေဖြင့် အဆိုပါအခွင့်အရေး ပေးအပ်လိမ့်မည်ဟုလည်းယုံကြည်ကြောင်း ဆို သည်။

၂၀၂၀ တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုရယူရန် ရည်မှန်းထားပြီး ကနဦးအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး ရှုံးပွဲကြုံစေခဲ့သည့် ဗီယက် နမ်-အမေရိကန်အားကစားသမား Thanh Le နှင့် မကြေပွဲ ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ထားသည်ဟု Saadulaev က ဆိုသည်။ ၎င်းတို့နှစ် ဦးသည် ၂၀၁၉ ခုနှစ်၊ မေ ၃ ရက်က ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြခြင်းဖြစ်ပြီး Thanh Le က ဒုတိယအချီအစမှာပင် ဒူးတိုက်ချက်ဖြင့် အ လဲထိုး အနိုင်ရခဲ့သည်။ ထို့ကြောင့် Saadulaev က 50/50/ MidCity MMA အသင်းသား Thanh Le ကို ရှုံးကြွေးဆပ်ရန် ဆန္ဒပြင်းပြနေ ခြင်းဖြစ်ပြီး ပြန်လည်လက်စားချေကာ ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်အားကစားသမား Bibiano Fernandes ကို စိန် ခေါ်ထိုးသတ်သွားမည်ဟု ဖွင့်ဟသည်။ ၎င်းက ကစားသမားဘဝမှ အနားမယူမီ ကမ္ဘာ့ချန်ပီယံခါးပတ် ဆင်မြန်းခွင့်ရရန် ရည်မှန်းထားပြီး Fernandes နှင့်ပွဲသာ ဖြစ်မြောက်လာပါက ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဟုလည်း ကတိပေးသည်။

“ကျွန်တော်တို့နှစ်ယောက်စလုံးက အရည်အချင်းအပြည့်ရှိတဲ့ ထိပ်တန်း နပမ်းကစားသမားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က Fernandes ထက် လက်သီးထိုးချက်တွေ အပြန်အလှန်အသုံးချတတ်တယ်ဆိုတာ ကျွန်တော် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ နှစ်ပွဲက သက် သေပြနေပါတယ်။ ဒါကို သံသယဖြစ်စရာမလိုပါဘူး။ ပွဲဖြစ်မြောက်လာခဲ့ရင် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဒီလောက ထဲ စတင်ဝင်ရောက်လာချိန်ကတည်းက ကစားသမားဘဝက အနားမယူခင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်မယ်လို့ ရည်မှန်းခဲ့ပါတယ်။ အခု ပြိုင်ပွဲတွေယှဉ်ပြိုင်နေတာကလည်း ဒီစိတ်နဲ့ပဲ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု Saadulaev က ကြုံးဝါးသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly