ဘာစီလိုနာ၊ မက်ဒရစ်နဲ့ ကျန်လာလီဂါအသင်းတွေကြား ကွာဟချက် ကျဉ်းမြောင်းလာတယ် - မက်ဆီ

ဘာစီလိုနာ၊ မက်ဒရစ်နဲ့ ကျန်လာလီဂါအသင်းတွေကြား ကွာဟချက် ကျဉ်းမြောင်းလာတယ် - မက်ဆီ
Photos: EPA

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ကျန်လာလီဂါအသင်းတွေအကြား ကွာဟချက်နည်းပါးလာခြင်းက လာလီဂါပြိုင်ပွဲကို ပိုမိုခက်ခဲကျပ်တည်းလာစေတယ်လို့ သူအနေနဲ့ ယုံကြည်နေပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာ (၃၄)မှတ်နဲ့ ဦးဆောင်နေပြီး တတိယနေရာမှာ ဆီဗီလာအသင်းက (၃)မှတ်အကွာနဲ့ ကပ်လိုက်နေပါတယ်။

ဒါပေမယ့်လည်း အဆင့် (၄)မှာ ရပ်တည်နေတဲ့ ဆိုစီဒက်အသင်းနဲ့ အဆင့် (၉)နေရာက ဂရန်နာဒါအသင်းတို့အကြား ရမှတ်ကွာဟချက်မှာ (၃)မှတ်သာ ရှိနေပါတယ်။

ဘာစီလိုနာအသင်း ယခုရာသီမှာ (၁၅)ပွဲကစားထားရာမှာ ရှုံးပွဲ (၃)ပွဲ၊ သရေ(၁)ပွဲ ကြံတွေ့ထားပြီး ရီးယဲလ်မက်ဒရစ်ကလည်း ရှုံးပွဲ (၁)ပွဲ၊ သရေ (၄)ပွဲထိ ကြုံတွေ့ထားပါတယ်။

ဒီလိုမျိုးရလဒ်တွေက လိဂ်အတွင်းရှိ အသင်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာခြင်းကြောင့်ဖြစ်တယ်လို့ မက်ဆီက ယူဆနေပါတယ်။

"အရာအားလုံးက ပြိုင်ဆိုင်မှုပြင်းထန်လာပြီး ပိုခက်ခဲလာပါတယ်။"လို့ အာဂျင်တီးနားတိုက်စစ်မှူးက ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ Adidas မီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ပြောပါတယ်။

"သူတို့ဟာ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ ပိုပြီးတန်းတူညီမျှလာကြပါတယ်။ ဘယ်အင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိလာတယ်။ အဝေးသင်းအနေနဲ့ သွားကစားရတာ အရမ်းခက်ခဲလာတယ်။"

"အသင်းတွေဟာ အိမ်ကွင်းမှာ အရမ်းအားကောင်းလာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အိမ်ကွင်းမှာတော့ ကောင်းကောင်း လုပ်ဆောင်ရမယ်ဆိုပြီး သိရှိလာကြလို့ဖြစ်ပါတယ်။

"ဒါက အရာအားလုံးဟာ ပိုညီမျှလာပြီး ပိုခက်ခဲလာစေပါတယ်။"

မက်ဆီက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို အာရုံစိုက်နေပြီး ချန်ပီယံပြိုင်ပွဲအတွက် အရေးပါတဲ့ဒီပွဲစဉ်ဟာ နောက်တစ်ကြိမ် ရွှေ့ဆိုင်းလိမ့်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။

"အလွန်အားကောင်းတဲ့ ရီးယဲလ်မက်ဒရစ်လို့ ကျနော် မျှော်လင့်ပါတယ်။"လို့ မက်ဆီက ဆက်ပြောခဲ့ပါတယ်။ "သူတို့ဟာ ဒါကို လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံးပွဲစဉ်တွေမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။"

"ဘာကာ v မက်ဒရစ်နဲ့ မက်ဒရစ် v ဘာကာပွဲစဉ်တွေဟာ အမြဲတမ်း အထူးပွဲစဉ်တွေပါ။ ဒါပေမယ့် ကျနော်တို့ နှစ်သင်းလုံး အချိန်ကောင်းတစ်ခုထဲ သွားနေတာ မှန်တယ်ဆိုပေမယ့် အသင်းတွေ ဘယ်နေရာ ရောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။"

Ref; AS

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly