ဒီဇင်ဘာ ၁၃ ။ ။ ရုရှားနိုင်ငံ၏ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောပေါ်တွင် ဒီဇင်ဘာ ၁၂ ရက်က အသစ်ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေခဲ့စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရေတပ်အမှုထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းဖြစ်စဉ် ဖြစ်ပွားပြီး အခြား အရာရှိတစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။
အာတိတ် သင်္ဘောကျင်းတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုဖြစ်စဉ်ကြောင့် ရုရှား ရေတပ်၏ အဓိက ရေယာဉ်သင်္ဘော၏ အနာဂတ်နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။
တစ်စင်းတည်းသော ရုရှား လေယာဉ်တင်သင်္ဘော Admiral Kuznetsov ၏ အင်ဂျင်ခန်းတစ်ခန်းအတွင်း ယင်းနေ့က ၀ရိန်ဆော်မှု လုပ်ဆောင်နေစဉ် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း သင်္ဘောကျင်း တာဝန်ရှိသူများကို ကိုးကားပြီး ရုရှား ပြည်တွင်း သတင်းအေဂျင်စီများက ဖော်ပြသည်။
အဆိုပါ လေယာဉ်တင် သင်္ဘောပေါ် မီးလောင်မှု ဖြစ်စဉ်ကြောင့် လူ ဆယ်ဦးကို ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်ဟုလည်း သိရသည်။
မီးသည် စတုရန်းမီတာ ၆၀၀ ခန့်ရှိ ဧရိယာတစ်ခုကို ပြန့်နှံ့ခဲ့ပြီး ပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက ဖော်ပြသည်။