ဂြိုဟ်နီကြီးအဖြစ် တင်စားခေါ်သော အင်္ဂါဂြိုဟ်တွင် ရေခဲလွှာ တွေ့ရှိ

ဂြိုဟ်နီကြီးအဖြစ် တင်စားခေါ်သော အင်္ဂါဂြိုဟ်တွင် ရေခဲလွှာ တွေ့ရှိ

ဒီဇင်ဘာ ၁၃ ။        ။ ဖုန်အတိပြီးသော ဂြိုဟ်နီကြီးအဖြစ် တင်စားခေါ်ကြသည့် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်အောက် တစ်လက်မအနက်လောက်တွင် ရှိနေသည့် ရေခဲလွှာ မြေပုံတစ်ခုကို သုတေသနတစ်ရပ်က တွေ့ရှိကြောင်း ယခုသီတင်းတွင် ထုတ်ဝေသော Geophysical Research Letters ဂျာနယ်တွင် ဖော်ပြသည်။

မားစ်ဂြိုဟ် ခေါ် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသော အာကာသမစ်ရှင်များ မစေလွှတ်ခင် နှစ်အတော်ကြာပင် ယင်းဂြိုဟ်နီကြီးအား စူးစမ်းထောက်လှမ်းနေခဲ့သည်။

ဂြိုဟ်ဆင်းယာဉ်များက ယင်းဂြိုဟ်ကြီးပေါ်၌ ဇီဝဓာတ်နှင့် ရေရှိနိုင်မလား အထောက်အထားများကို စူးစမ်းထောက်လှမ်းနေသကဲ့သို့ ဂြိုဟ်ပတ်ယာဉ်များကလည်း မားစ်ဂြိုဟ်အား လှည့်ပတ်ကာ မြေပုံများ တိုင်းတာယူနေသည်။

နာဆာ၏ Mars Reconnaissance Orbiter နှင့် Mars Odyssey Orbiter ဂြိုဟ်ပတ်ယာဉ်များမှ စုယူသည့် အချက်အလက်များအရ ဂြိုဟ်နီ မျက်နှာပြင်အောက်တွင် ရေခဲလွှာ ရှိနေသည့် လက္ခဏာများကို ထောက်လှမ်းမိထားသည်။

“ကျွန်တော်တို့ ဒီ ရေခဲလွှာကို တူးဆွစရာ မလိုဘူး။ သေချာစူးစမ်းဖို့ပဲ လိုတယ်။ အာကာသယာဉ်မှူးတွေ ဆင်းသက်ဖို့အတွက် အခွင့်အလမ်း ဗလာနတ္ထိဖြစ်တဲ့ ဒီ မားစ်ဂြိုဟ်ရဲ့ မျက်နှာပြင်အောက်က ရေခဲလွှာရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဆက်လက်ပြီး စူးစမ်းသွားမှာ ဖြစ်တယ်။”ဟု နာဆာ၏ ဂျက်တွန်းကန်အာဓာတ်ခွဲခန်းမှ သုတေသီ ဆိုင်ယိုင်ဗင်းမပီကွီအော့ဇ်က ပြောခဲ့သည်။

မားစ်ဂြိုဟ်သည် တစ်ချိန်က နွေးထွေးပြီး သက်ရှိရှင်သန်နိုင်ကာ မျက်နှာပြင်ပေါ်တွင်လည်း ရေရှိနိုင်ခဲ့ဖွယ်ရှိသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံခန့်က ဂြိုဟ်ဖြစ်စဉ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခဲ့ပြီး လေထု ဆုံးရှုံးခဲ့ရသည်။

လက်ရှိအချိန်၌ မားစ်ဂြိုဟ်တွင် ဂတ်စ်ဓာတ်ငွေ့များသာ လွှမ်းခြုံထားပြီး ယင်းက မျက်နှာပြင်ပေါ်က ရေများကို လွင့်ထွက်သွားစေခြင်းကြောင့် မျက်နှာပြင်ပေါ်တွင ရေမရှိနိုင်ခြင်း ဖြစ်ပြီး ယခု တွေ့ရှိခြင်းမှာ ဂြိုဟ်မျက်နှာပြင်အောက်တွင် ခိုအောင်းနေသည့် ရေခဲလွှာကို တွေ့ရှိခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required