GPS ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားအား သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုထား

GPS ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားအား သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုထား
Photo  - Ko Moe

ဒီဇင်ဘာ ၁၂ ရက် ။          ။ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ ရွာငံမြို့နယ် ၊ သဖန်းပင်ကျေးရွာ အနီး အင်ကြင်းရေဒေသအတွင်း  GPS Joint Venture Co, Ltd  ကုမ္ပဏီမှ တရားမဝင်သတ္တုတူးဖော်နေမှု နှင့်ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနက GPS  ကုမ္ပဏီ မှ တာဝန်ရှိသူ တရုတ်နိုင်ငံသားအား  သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀( က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ရွာငံမြို့မရဲစခန်းမှ သိရှိရသည်။

 လက်ရှိ ကုမ္ပဏီတာဝန်ရှိသူ အသက်၃၃ နှစ်အရွယ် ၊ တရုတ်နိုင်ငံသား Mr.Liu Kaiyong  သည် မိမိနေရပ်သို့ ခေတ္တတိမ်းရှောင်နေပြီး   ဖမ်းဆီးစစ်ဆေးနိုင်ရန် လုပ်ဆောင်နေကြောင်း ရွာငံမြို့မ ရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 
“ တရုတ်နိုင်ငံသားက အမှုမဖွင့်ကတည်းက သူအမေ ဆုံးတာကြောင့် ပြန်သွားပြီ ။ ဒီမှာ မရှိတော့ဘူး ။ ဝန်ကြီးဌာနက သတ္တုတွင်းဥပဒေ ပုဒ်မ၃၀(က) နဲ့ အမှုဖွင့်ထားတာဆိုတာက မှန်ပါတယ်။ ကျွန်တော်တို့ကလည်း ရဲလုပ်ထုံလုပ်နည်းအရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ် “ ရွာငံမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 
GPS ကုမ္ပဏီအနေဖြင့် အဆိုပါလုပ်ကွက်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၏ အတည်ပြုချက်ရရှိရေး ဆောင်ရွက်နေဆဲသာဖြစ်ပြီး  ဝန်ကြီးဌာနဘက်က  မည်သည့် ခွင့်ပြုမိန့်မျှ ထုတ်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။

 
ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ၊ နေပြည်တော်တွင် ကျင်းပသော ဒုတိယအကြိမ်  ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင်   ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှု အား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားမှု အခြေအနေအပေါ်  ရွာငံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက မေးမြန်းမှုအပေါ် သတ္တုဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေကလည်း တာဝန်ရှိသူ တရုတ်နိုင်ငံသားအား အမှုဖွင့်တရားစွဲဆိုထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

GPS ကုမ္ပဏီက   ခွင့်ပြုချက်မရဘဲ သတ္တုတွင်း တူးဖော်နေမှုနှင့် ပတ်သက်၍ အဆိုပါ ကုမ္ပဏီအား အမည်ပျက်စာရင်းသွင်းပေးဖို့  သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာနကိုလည်း  တောင်းဆိုထားကြောင်း  ရွာငံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ပြောသည်။

 ရွာငံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းမှ  “ တွေ့ရှိချက်တွေကို မူတည်ပြီးတော့ သတ္တုတွင်းဝန်ကြီးက သတ္တုတွင်း ဥပဒေ ၃၀ (က) နဲ့  အမှုဖွင့်လိုက်တာပါ ။  ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပကုမ္ပဏီ ဖြစ်စေ ၊ ပြည်တွင်းကုမ္ပဏီဖြစ်စေ ၊  ကျင့်ဝတ်ကတော့ ရှိရမယ်။ ဝန်ကြီးဌာနက တာဝန်ဝင် ခွင့်မပြုချက်မရဘဲ ဒီလို့လုပ်တယ်ဆိုတာက ကျင့်ဝတ်ပျက်ပြားတဲ့ ကိစ္စပဲ ။ အမည်ပျက်စာရင်း သွင်းဖို့ ၊ ရှိ ၊ မရှိတော့ ဝန်ကြီးကတော့ အောက်ခြေကွင်းဆင်းပြီးတော့  လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားမယ်လို့ ပြန်လည်ဖြေကြားသွား တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ေအနနဲ့ ဆက် လုပ်  ၊ မလုပ်ကတော့ ဆက် စောင့်ကြည်ရမှာပဲ “ ဟု   ပြောသည်။

 ရွာငံမြို့နယ် ၊ လင်းဝေးကျေးရွာအုပ်စု ၊ သဖန်းပင်ကျေးရွာအတွင် တရားမဝင် သတ္တူတူးဖော်နေသည့် ကုမ္ပဏီသည်  GPS Joint Venture Co, Ltd  ကုမ္ပဏီ နှင့် ဟားဘွန်းစတားကုမ္ပဏီတို့ ဖြစ်ပြီး    GPS ကုမ္ပဏီ ပိုင် ခဲသတ္တုသန့်စင်စက်ရုံကနေ  တစ်ရက်လျှင် ခဲသတ္တု  ကုန်ကြမ်း တန် ၅၀၀ ၊ ကုန်ချော တန် ၂၀ ခန့်ထွက်ရှိကြောင်း သိရသည်။

 မြန်မာ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) အရ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိလျှင်  ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ ၊ ငွေဒဏ် သိန်း ၅၀  ဖြစ်စေ  ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက် ပါရှိသည် ။

 ရွာငံမြို့နယ်အတွင်း ရပ်ကွက် ၃ ရပ်ကွက် ၊ ၂၉ အုပ်စု ၊ ကျေးရွာပေါင်း ၁၂၅ ရွာ ၊ မြို့နယ်လူဦးရေ စုစုပေါင်း ၈၃၂၁၉ ဦး ရှိနေပြီး မြို့နယ်အတွင်းရှိ သတ္တုတွင်းလုပ်ငန်းအနေဖြင့် ခဲသတ္တုတူးဖော်လုပ်ငန်းများ အများဆုံးတည်ရှိနေကြောင်း သိရသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly