အိန္ဒိယတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကြမ်းကို ဆန္ဒပြ

အိန္ဒိယတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကြမ်းကို ဆန္ဒပြ

ဂူဝါဟာတီ၊ ဒီဇင်ဘာ ၁၂။             ။ အိန္ဒိယပါလီမန်သည် ဒီဇင်ဘာ ၁၁ ရက်နေ့က နိုင်ငံအချို့မှ မွတ်စလင်မဟုတ်သောရွှေ့ပြောင်းနေထိုင်သူများအား နိုင်ငံသားဖြစ်ခွင့်ပေးသည့် ဥပဒေကြမ်းကို အတည်ပြုလိုက်သောကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

အဆိုပါဥပဒေကြမ်းသည် အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်မှ ၂၀၁၅ ခုနှစ်မတိုင်မီ အိန္ဒိယသို့ ဝင်ရောက်လာခဲ့ကြသော တရားမဝင်ရွှေ့ပြောင်းခဲ့သူ လူနှစ်သန်းခန့်ကို နိုင်ငံသား ဖြစ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် မွတ်စလင်ဘာသာဝင် မဟုတ်သူများသာဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ဂူဝါဟာတီနှင့် ထရီပူရာမြို့တို့တွင် သုံးရက်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးများချထားရသည်။ ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့်နှိမ်နင်းခဲ့သည်။

အောက်လွှတ်တော်က အတည်ပြုပြီးသားဖြစ်သည့် ထိုဥပဒေကြမ်းကို ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၁၀၅ မဲဖြင့် အထက်လွှတ်တော်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။  ဥပဒေအဖြစ် ဆက်လက်အသက်သွင်းရန် သမ္မတထံသို့ တင်ပြသွားမည်ဖြစ်သည်။

အိန္ဒိယ၏မေတ္တာတရားကြီးမားမှုကိုပြသသည့် နေထူးနေ့မြတ်ဖြစ်ကြောင်း၊ ဖိစီးနှိပ်စက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ လူတွေရဲ့ခံစားချက်ကို သက်သာစေတဲ့ ဥပဒေကြမ်းဖြစ်ကြောင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။

၎င်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်ပါသည့် တန်းတူညီမျှမှုနှင့် ဘာသာရေးအယူဝါဒလွှမ်းမိုးမှု မရှိစေရေး ဆိုသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရကြောင်း ကန့်ကွက်သူများက ဆိုသည်။

ဤဥပဒေသည် အိန္ဒိယရှိ မွတ်စလင် သန်း ၂၀၀ ခန့်ကို ပထုတ်မည့် မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း အစ္စလမ်အဖွဲ့အစည်းများ၊ ဆန့်ကျင်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆို ရှုတ်ချကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required