လူကုန်ကူးခံရမှု၊ လူအခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် အရေးယူရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

လူကုန်ကူးခံရမှု၊ လူအခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် အရေးယူရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ဒီဇင်ဘာ ၁၁ ။             ။ ကျားဖောင်တွင်အလုပ်လုပ်ရန် လူကုန်ကူးခြင်းကို တွေ့ ကြုံခံစားခဲ့ရသည့် ရန်ကုန်ပြည့်သူဆေးရုံကြီးမှ အထွေထွေလုပ်သား မောင်ဆန်းဦး၏ ဖခင်ဖြစ်သူ ဦးမိုးသူသည် ဒီဇင်ဘာလ(၁၁)ရက်နေ့က ယင်း၏ သားဖြစ်သူနှင့်အတူ လမ်းမတော်မြို့နယ်(၉)လမ်းမှ မင်္ဂလာတောင်ညွန့်မြို့နယ်အထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သည့် ကျားဖောင်လုပ်သားများအပေါ် လူအခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးခံရမှုများကို လူအများသိလာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်နှင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာသော်လည်း လက်ရှိတွင် အပြစ်ပေး၊အရေးယူခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်၊ အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးမှုနှင့် လူအခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ဦးမိုးသူက ဆန္ဒထုတ်ဖော်ရာတွင် ပြောဆိုခဲ့သည်။

“ဥပဒေ အားကောင်းကောင်းနဲ့ အရေးယူဆောင်ရွက်ပေးပါ၊ ကုန်းပေါ်မှာတင် သူပြောငါပြော စကားကို မယုံပါနဲ့၊ ပင်လယ်ထဲကိုဆင်းပါ၊ ကျားဖောင်တွေကို လိုက်ပါ၊ ကျားဖောင်ပေါ်မှာ ပြည်သူတွေ အရောင်းစားခံနေရပါတယ်၊ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှာ ကျားဖောင်ပေါင်း ရာနဲ့ချီ ရှိပါတယ်၊ အဲဒီမှာ လူကုန်ကူးခံရသူတွေ အများကြီး ရှိနေသေးပါတယ်၊ ကယ်ထုတ်ပေးပါ၊ လူအခွင့်အရေးကော်မရှင်ကိုလည်း ပြည်သူတွေက အားကိုးပါတယ်၊ ပြည်သူတွေ အားကိုးထိုက်အောင်လည်း လုပ်ပါ။”ဟု တစ်ကိုယ်တော် ဆန္ဒပြသူ ဦးမိုးသူက ဆိုသည်။

ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပင်လယ်ပြင်က ကျားဖောင်လုပ်ငန်းများကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ်ဆေးရာ စက်လှေအခက်အခဲ၊ သွားရမည့် အချိန်ကြာမြင့်မှုများကြောင့် မစစ်ဆေးဖြစ်သော်လည်း ကုန်းမြေပေါ်ပြန်လည်ရောက်ရှိလာသည့် ဖောင်လုပ်သားများကို အဓိကထားပြီး စစ်ဆေးနေကြောင်း  မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးယုလွင်အောင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်း ရေလုပ်ငန်းကို အများဆုံးလုပ်ကိုင်နေကြပြီး နိုဝင်ဘာလအထိ သေဆုံးသူစာရင်းများအရ ဒေါ်ညိမ်းကျေးရွာတွင် ပျောက်ဆုံးမှု၊ လူသတ်မှု၊ ရေထဲခုန်ချမှုအပါအဝင် လူဦးရေ(၁၀၀)ကျော်ခန့် ရှိနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly