လူမျိုးတုံးအောင်လုပ်သည်ဟု ဘာလို့ပြောနိုင်ရတာလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

လူမျိုးတုံးအောင်လုပ်သည်ဟု ဘာလို့ပြောနိုင်ရတာလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်
ဓာတ်ပုံ - EPA

မြန်မာအစိုးရသည် ဒုက္ခသည်များအားလုံး ဘေးကင်းကင်းနှင့် မိမိသဘောဖြင့် မိမိ ဂုဏ်သိက္ခာ ရှိရှိ ပြန်လာနိုင်အောင် လုပ်ပေးရန် သန္နိဋ္ဌာန်ချထားပြီး ဆောင်ရွက်ပေးနေရာမှာ လူမျိုးတုံးအောင် လုပ်နေသည်ဟု ဘာကြောင့် ပြောနိုင်ရတာလဲဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးမှာ မေးခွန်းထုတ်လိုက်ပါသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ နယ်သာလန်နိုင်ငံ၊ သဟိဂ်မြို့မှာ နှစ်ဖက် ကြားနာစစ်ဆေးနေကြသည်။

ထို့သို့ နှစ်ဖက် ကြားနာစစ်ဆေးရာမှာ ဒီဇင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံဘက်မှ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် ကို ပြန်လည်ချေပစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။

“မြန်မာအစိုးရဟာဆိုရင် ဒုက္ခသည်တွေအားလုံး ဘေးကင်းကင်းနဲ့ မိမိသဘောနဲ့ မိမိ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ အခုလိုမျိုး လုပ်ဆောင်နေတဲ့ အနေအထားမှာ လူမျိုးတုန်းအောင် ဆက်လက်လုပ်နေပါတယ်ဆိုတာဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အခုဆိုရင် ဗုဒ္ဓဘာသာ ရခိုင်တပ်နဲ့ မြန်မာ့ တပ်မတော်တို့အကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီပဋိပက္ခမှာ မွတ်စလင်တွေ မပါပေမယ့်လည်း ဒီပဋိပက္ခရဲ့ဒဏ်ကိုလည်း မွတ်စလင်တွေ အလားတူ ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသား ပြဿနာတွေကို ပိုမို ဆိုးရွားစေမယ့် ဆုံးဖြတ်ချက်မျိုး မချစေချင်ပါဘူး”ဟု ၎င်းက ICJ တရားရုံးမှာ ပြောခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အာဃာတနှင့် အမုန်းတရားများသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကြီးဆုံး ပြဿနာဖြစ်ကြောင်း၊ သို့သော်လည်း ထိုအခြေအနေများကို ကျော်လွှားပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအား မိမိတို့အားလုံး တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ထားကြပါသည်ဟု ပြောသွားခဲ့သည်။

၂၀၁၆-၂၀၁၇ ဖြစ်ရပ်များ မတိုင်မီမှာတောင်မှ ရခိုင်မှာရှိသည့် လူ့အသိုင်းအဝိုင်းများသည် လူမျိုးအရ၊ ဘာသာရေးအရ ဖြစ်ကြသော ပဋိပက္ခများမှာ မြစ်ဖျားခံသည့် ဆင်းရဲနွမ်းပါးမှုပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ မိမိတို့ ယခု ကိစ္စအတွက် ပြေလည်အောင် လုပ်နေပါကြောင်း၊ ဤဒေသမှာ မွေးဖွားသူ မည်သူ့ကိုမဆို နိုင်ငံသား ဖြစ်ခွင့်ပြုသည့်အထိ လုပ်နေပါကြောင်း၊ မွတ်စလင် လူငယ်များသည်လည်း မြန်မာနိုင်ငံတစ်ဝန်းက တက္ကသိုလ်များကို တက်နိုင်မည့် အခွင့်အရေးများပေးနေသကဲ့သို့ အစိုးရသည်လည်း မောင်တောမြို့နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး စီမံကိန်းများကို စတင်လုပ်ဆောင်နေပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လွှဲချက် တင်ပြသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly