တရုတ် ‘ဇီးရိုးဘတ်ဂျက်’ ခရီးသွားအစီအစဉ် နိုင်ငံအတွက် လုံးဝ အကျိုးမရှိတာမျိုးမဟုတ်ဘဲ ရသင့်၊ ရထိုက်သည့် အခွန်အခများ လျော့နည်းနေခြင်းသာဖြစ်ဟု ဒုဝန်ကြီး ပြော

တရုတ် ‘ဇီးရိုးဘတ်ဂျက်’ ခရီးသွားအစီအစဉ် နိုင်ငံအတွက် လုံးဝ အကျိုးမရှိတာမျိုးမဟုတ်ဘဲ ရသင့်၊ ရထိုက်သည့် အခွန်အခများ လျော့နည်းနေခြင်းသာဖြစ်ဟု ဒုဝန်ကြီး ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၁  ။        ။ တရုတ်ခရီး သွားများ၏ ‘ဇီးရိုးဘတ်ဂျက်’ အစီအစဉ်သည်  မြန်မာနိုင်ငံအတွက် လုံးဝ အကျိုးမရှိတာမျိုး မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အမတ် ဦးအောင်ကျော်ကျော်ဦး မေးမြန်းသည့် တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်း ငွေပေးချေမှု စနစ်( We Chat Pay နှင့် Alipay ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် ဒုဝန်ကြီးက လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ဒုဝန်ကြီး ဦးတင်လတ်က “ဇီးရိုးဘတ်ဂျက် ခရီးသွားဆိုရာမှာ နိုင်ငံအတွက် အကျိုးမရှိ၊ ဝင်ငွေ မရှိတာမျိုး မဟုတ် ဘဲ တခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်းသုံးစွဲမှု လျော့နည်းတာနဲ့ တရားမဝင် လုပ်ငန်း ဆောင်တာ တွေ တရားမဝင်ငွေ ပေးချေမှုများကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ လျော့နည်းနေခြင်း သာ ဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်ခရီးသွားများ၏ အဆိုပါ အွန်လိုင်း ငွေပေးချေးမှု စနစ်များဖြစ်သော Alipay၊ Wechat Pay တို့ကို သုံးစွဲ ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း အသိပေးထားသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များတွင် နမူနာ ကောက်ယူခဲ့သည့် စစ်တမ်းများအရ တရုတ် ခရီးသွားများ သည် မြန်မာနိုင်ငံတွင်း၌ ပျမ်းမျှ လေးရက်နေထိုင်ပြီး တစ်ရက်ပျမ်းမျှ ၆၅ ဒေါ်လာခန့် တစ်ဦးချင်း သုံးစွဲကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ခရီးသွားများ ဝင်ရောက်မှု လျော့နည်းသည့် ကာလများတွင် ခရီးသွား လုပ်ငန်း ကုမ္ပဏီတချို့သည် တချို့သော ခရီးစဉ်ဒေသများရှိ ဟိုတယ်များ စားသောက်ဆိုင်၊  သယ်ယူပို့ဆောင်ရေးယာဉ်ကို သာမန်အချိန် ပေါက်ဈေး ထက် လျော့နည်းသည့်ဈေးဖြင့် တစ်နှစ်စာ စာချုပ် ချုပ်ဆိုထားခြင်း၊ ဧည့်သည်များ မသွားမနေရ ခေါ်ဆောင် သွားမည့် လက်ဆောင် ပစ္စည်းဆိုင်များမှ ပေးသည့် ကော်မရှင်ကို အခြေပြုပြီး ပုံမှန်ဈေးနှုန်းထက် အဆမတန် ဈေးလျော့ ပေးထားခြင်းနှင့် တရားမဝင် ငွေပေးချေမှုစနစ် နည်းလမ်းများကို အသုံးပြုကြောင်းလည်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

“ဟိုတယ်၊ စားသောက်ဆိုင်နဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေရဲ့ ဈေးနှုန်း သတ်မှတ်မှုနဲ့ ပတ်သက်လို့ ရောင်း သူ/ဝယ်သူ နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်တာမျိုးကို ဝန်ကြီးဌာန အနေနဲ့ ကြားဝင် ဆောင်ရွက် ရန် မရှိပေမယ့် ခရီးစဉ်များ ရောင်းချရာမှာ အမှန်တကယ် ကုန်ကျစရိတ်ထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်း ချခဲ့ရင် ယှဉ်ပြိုင်မှု ဥပဒေနဲ့ ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေး နည်းလမ်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ တရားမ ကြောင်းအရဖြစ်စေ အရေးယူ ပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာဌာနများနဲ့ လိုအပ်တဲ့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသား ၁၁ သိန်း ကျော် ဝင်ရောက်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ထိုပမာဏသည် ယမန်နှစ်က အလားတူကာလနှင့် နှိုင်းယှဉ်ပါက လေးသိန်းနီးပါးခန့် ပိုမို များပြားလာသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required