တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံပြုလုပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံပြုလုပ်

ဒီဇင်ဘာ ၁၁။     ။ လူနည်းစု မွတ်ဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့်ဟုဆိုကာ  မြန်မာစစ်တပ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒဏ်ခတ်အရေးယူမှု ထပ်မံတိုးမြှင့်ချမှတ်လိုက်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်လိုက်သည်။

လက်ရှိတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့်  ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးတွင် ဂမ်ဘီယာက  မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကာ သွားရောက်ရင်ဆိုင် ဖြေရှင်းနေစဉ် ယခုကဲ့သို့ အမေရိကန်က မြန်မာစစ်တပ်အကြီးအကဲကို ဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်လိုက်သည့် အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုအရ အမေရိကန်တွင် တပ်ချုပ်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်မည် ဖြစ်သကဲ့သို့  အမေရိကန်နိုင်ငံတွင်းက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းတစ်ခုခုနှင့် တပ်ချုပ်အကြား ဘဏ္ဍာရေး ချိတ်ဆက် ပတ်သက်မှုများကို တားမြစ်သွားမည်ဖြစ်သည်။

အမေရိကန်သည် ယခု ဒဏ်ခတ်မှုမတိုင်ခင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမေရိကန်သို့ လာရောက်ခွင့် ပိတ်ပင်ထားခဲ့သေးသည်။

ယခုတစ်ကြိမ်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တပ်ချုပ်အပြင် မြန်မာစစ်တပ်က အခြားသော အဆင့်မြင့် ထိပ်တန်းအရာရှိကြီး သုံးဦးကိုလည်း အလားတူ ဒဏ်ခတ်မှုများ ချမှတ်ခဲ့သေးသည်။

“ အမေရိကန်အနေနဲ့ ညှင်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လိင်စော်ကားမှု၊ လူသတ်မှု၊ အပြစ်မဲ့ ပြည်သူတွေအပေါ် ရက်စက်မှု စတာတွေကို လုံးဝ သည်းခံသွားမှာမဟုတ်ပါဘူး” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနူချင်က ထုတ်ပြန်သွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required