နာပိုလီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို ပို့ဆောင်ခဲ့ပေမယ့် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အန်ဆယ်လော့တီ

နာပိုလီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို ပို့ဆောင်ခဲ့ပေမယ့် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အန်ဆယ်လော့တီ
Photo: EPA

ကာလို့စ် အန်ဆယ်လော့တီဟာ အင်္ဂါနေ့က ဂျန့်အသင်းကို(၄-၀)ဂိုးနဲ့ အနိုင်ယူပြီး နာပိုလီအသင်းကို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ဆီ ပို့ဆောင်ခဲ့ပေမယ့် စီးရီးအေကလပ်အသင်းက သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

"အန်ဆယ်လော့တီကို အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ နာပိုလီအသင်းက ဆုံးဖြတ်ခဲ့ပါတယ်။"လို့ အီတလီကလပ်က ကြေညာချက်တစ်စောင်မှာ ပြောပါတယ်။

အင်္ဂါနေ့က ဂျန့်အသင်းကို အနိုင်ရရှိခဲ့တဲ့ နာပိုလီအသင်းဟာ အုပ်စု (E) မှာ ထိပ်ဆုံးက လီဗာပူးလ်နဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမတိုင်ခင်က ကလပ်အသင်း၊ အန်ဆယ်လော့တီနဲ့ ကစားသမားတွေကြား အဝတ်လဲခန်းမှာ မငြိမ်မသက်မှုတွေနဲ့ ပွတ်တိုက်မှုတွေရှိခဲ့ပြီး နာပိုလီအသင်းဟာ (၉)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။

အေစီမီလန်အသင်းနည်းပြဟောင်း ဂတ်တူဆိုဟာ နာပိုလီအသင်းရဲ့ နည်းပြရာထူးအတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းဟာ စီးရီးအေပြိုင်ပွဲ အမှတ်ပေးဇယားမှာ ချန်ပီယံ ဂျူဗင်တပ်စ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ထိပ်ဆုံးအသင်းနဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေပါတယ်။

သူတို့ဟာ ရမှတ် (၂၁)မှတ်နဲ့ အဆင့် (၇) မှာ ရပ်တည်နေတာဖြစ်ပြီး လိဂ်ဇယားဦးဆောင်သူ အင်တာမီလန်အသင်းနဲ့ (၁၇)မှတ်ထိ ကွာဟနေတာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုပ်ကိုင်ထားတဲ့ အဆအင့် (၄)နေရာက ကတ်လီယာရီအသင်းနဲ့ (၈)မှတ်ကွာဟနေတာကြောင့် ပိုပြီး စိုးရိမ်နေရပါတယ်။

၂၀၀၉-၁၀ ရာသီက ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား နှစ်လုံးဆွတ်ခူးခဲ့တဲ့ အသက် (၆၀)အရွယ်ရှိ အန်ဆယ်လော့တီဟာ အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့မှာ လွတ်လပ်နေတဲ့ နည်းပြရာထူနေရာအတွက် ချိတ်ဆက်မှုများ ရှိနေတယ်လို့ သိရပါတယ်။

သူဟာ လီဗာပူးလ်ဂန္တဝင် ဘော့ဘ်ပီယာစလေနဲ့ လက်ရှိရီးယဲလ်အသင်းနည်းပြ ဇီဒန်းတို့နဲ့အတူ ချန်ပီယံဖလားကို (၃)ကြိမ် ရယူထားနိုင်တဲ့ နည်းပြ (၃)ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ် (၂)ကြိမ်၊ ရီးယဲလ်မက်ဒရစ်နဲ့ (၁)ကြိမ် ဆွတ်ခူးခဲ့တာဖြစ်သလို မီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ပြည်တွင်းဖလားတွေကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly