မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အကောင်အထည်ဖော်မှု အားနည်းနေ

မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အကောင်အထည်ဖော်မှု အားနည်းနေ

 ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။              ။ မသန်စွမ်းသူများအတွက် အကာအကွယ်ပေးထားသည့် ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏  အခွင့်အရေးဥပဒေသည်  လက်တွေ့တွင်  တရားဥပဒေ စိုးမိုးမှု နှင့်   အကောင်အထည်ဖော်မှု အားနည်းနေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ထံမှ သိရသည်။

 ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Central Hotel တွင် ပြုလုပ်သော  စတုတ္တအကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ဆိုင်ရာ သတင်းအချက်အလက်များအား ရှင်းလင်းတင်ပြသော အခမ်းအနားတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “ ဥပဒေက မြေပြင်မှာအကောင်အထည်ဖော်မှု အများကြီးလိုနေသေးတယ်။ ဒီဥပဒေကို ရဲတပ်ဖွဲ့  တရားရေးနဲ့ ပတ်သက်တဲ့ ဌာနတွေက အများကြီး မသိသေးဘူး။ ဒါတွေကို အသိပညာမြှင့်တင့်မှုတွေ အများကြီးလိုတယ်။ ပြည်သူ့လူထုအကြားထဲ အများကြီး အမြင်ဖွင့်ဖို့လိုတယ်။ ဒီဥပဒေအားဖြင့် မြေပြင် မှာ မသန်စွမ်းတွေ အခွင့်အရေးရရှိလာဖို့ သိပ်မတွေ့ရဘူး။ မသန်စွမ်းတဲ့သူတွေကိုယ်တိုင်က ဥပဒေ မှာ ပါတဲ့ အခွင့်အရေးတွေကို ကိုင်စွဲပြီး ကြိုးစားဆောင်ရွက်တာ မတွေ့ရသေးဘူး။ ဌာနဆိုင်ရာ ၊ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ဥပဒေမှာ ပါတဲ့ အခွင့်အရေးတွေကို မသန်စွမ်းတွေရလာအောင် သက်ဆိုင်တဲ့လုပ်ငန်းစဉ်မှာ ထည့်သွင်းလုပ်ဆောင်တာ  သိပ်မတွေ့ရဘူး”    ဟု  မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ၊ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။

 မြန်မာနိုင်ငံသည်  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို  ၂၀၁၁ ခုနှစ်  ဒီဇင်ဘာ  ၇ ရက်နေ့က လက်မှတ်ထိုးအတည်ပြုခဲ့ပြီး  ၂၀၁၅ ခုနှစ်  မသန်စွမ်းသူများ ၏ အခွင့်အရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 “ မသန်စွမ်းသူများဆိုင်ရာ သဘောတူညီ စာချုပ်ကို  အခြေခံပြီး ထွက်လာတာလေ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစံနှုန်း တွေနဲ့ ကိုက်ညီပါတယ်။ ကိုက်ညီအောင် မသန်စွမ်းအဖွဲ့အစည်းတွေရဲ့  အကြံဉာဏ်တွေ ကျယ်ကျယ်ပြန့်ပြန့် ယူခဲ့ပြီး ရေးဆွဲခဲ့တာ ။ ဌာနဆိုင်ရာက သူသဘောနဲ့ သူ ရေးဆွဲတာ မဟုတ်ဘူး။ မသန်စွမ်းသူတွေရဲ့ လိုလားချက် ၊ တောင်းဆိုချက်တွေ အများကြီး ပါတယ်။ ဒီနေ့ ဒီအခြေအနေမှာ ဒီဥပဒေဟာ မသန်စွမ်းသူတွေအတွက် အလွန်ကောင်းမွန်တဲ့ဥပဒေ လို့ ပြောလို့ရတယ်။ သို့သော် ဒါက ရာနှုန်းပြည့်ကောင်းသလား ဆိုတော့ ဒီလို့တော့ မဟုတ်ဘူး။ ဒီလို့တော့ ပြောလို့မရဘူး”  ဟု   မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီးမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒု ဥက္ကဋ္ဌ ဖြစ်သူ  ဦးစစ်နိုင်က ပြောသည်။

 မသန်စွမ်းသူများ၏ အနုပညာ စွမ်းရည်ကို   ပြည်သူအများ အသိအမှတ်ပြု ခံစားရှုမြင်နိုင်စေရေး  ရည်ရွယ်ကာ  စတုတ္ထအကြိမ်မြောက်  မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ( ၂၀၁၉ ) ကို  မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ  ဦးဆောင်ပြီး လာမည့် ဒီဇင်ဘာ  ၂၈ ရက်နေ့တွင်  ကျင်းပရန်  ပြင်ဆင်နေကြောင်း သိရသည်။

“ တူယှဉ်နွှဲပျော် မသန်စွမ်းသူများ အနုပညာပွဲတော်  “ ဟု  အမည်ပေးထားသည့်   အဆိုပါ အနုပညာပွဲတော်ကို  ပွဲတော် သံတမန်အဖြစ် နိုင်ငံကျော်အဆိုတော်  ဇော်ဝင်းထွဋ် မှ ဦးဆောင်ပြီး  ထူးခြားဆန်းသစ်သည့်  Wheel Chair အက ၊ စင်္ကာပူနိုင်ငံမှ အကြားအာရုံ မသန်စွမ်းသူများအဖွဲ့ နှင့် မသန်စွမ်းအနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေတင်ဆက်မည့် ပွဲတော်ကို  မရမ်းကုန်းမြို့နယ်  မင်းဓမ္မလမ်းရှိ MCC  ခန်းမတွင် ဝင်ကြေးအခမဲ့ဖြင့်  ပြုလုပ်သွားမည် ဖြစ်သည်။

 လက်ရှိတွင်  မြန်မာနိုင်ငံ လူဦးရေ၏    ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိသည့် လူဦးရေ  ၂ ဒသမ ၃ သန်းကျော်သည်  မသန်စွမ်းသူများ ဖြစ်ကြောင်း ၂၀၁၄  ခုနှစ်သန်းခေါင်စာရင်းအရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly