တာမွေဈေးသစ် တည်ဆောက်ရေး ဈေးသူ/သားများ လက်မခံခြင်းကြောင့် ကြန့်ကြာနေ

တာမွေဈေးသစ် တည်ဆောက်ရေး ဈေးသူ/သားများ လက်မခံခြင်းကြောင့် ကြန့်ကြာနေ

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။             ။ တာမွေ ယာယီဈေးကို အဆင်မြင့်ဈေးအဖြစ် ပြောင်းလဲတည်ဆောက်ရာရန် ဆွေးနွေးပြီးဖြစ်သော်လည်း ဈေးသူ/သားများ ဘက်မှ ဈေးသစ်ပုံစံကို လက်ခံမှုမရှိခြင်းကြောင့် တည်ဆောက်ရေး အချိန်ကြန့်ကြာနေခြင်းဖြစ်သည်ဟု တာမွေမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။

ဈေးသစ် ဆောက်လုပ်မည့် ဒီဇိုင်းနှင့် အကျယ်အဝန်း အခြေအနေကို ဈေးသူ/သားများကို တွေ့ဆုံ၍ ဒီဇင်ဘာ ၉ ရက်က ရှင်းလင်းပြခဲ့ရာမှာ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

“တာမွေဟာ တချိန်ကျရင် အချက်အချာ ကျလာမယ်၊ ဒါကြောင့် ဒီဈေးကိုလည်း အဆင့်မြှင့်ရမယ်ဆိုပြီး ဈေးသူ/ဈေးသား တွေနဲ့ ကျွန်တော်တို့ နှစ်ကြိမ်တွေ့ပါတယ်၊ ပထမအကြိမ်မှာ သူတို့ကလည်း အချက်အလက်တွေ တင်ပြတယ်၊ ညှိနှိုင်း ခဲ့ကြတယ်၊ တော်တော်များများကို ပြင်ဆင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ အချက်တွေက (၈)ချက်အထိ ဖြစ်လာတယ်၊ ဒီဈေး မှာ ဟိုဘက်ဒီဘက် ဈေးဆောက်ဖို့ကအစ သူတို့ လက်မှတ်ထိုးမယ်ဆိုပြီး ဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ဈေးသူ/သားများက မြေအောက်ခန်း နေရာအစား ဈေးနေရာ အသုံးပြုပေးရန်၊ မြေညီထပ် အမြင့်ကို ပေ(၂၀) ထားပေးရန်၊ ဆိုင်ခန်းဘေးပတ်လည် လျှောက်လမ်းကို (၈)ပေ ထားပေးရန်၊ သား/ငါးတန်းများကို ဆိုင်ခုံ လုပ်ပေးကာ တခြားဆိုင်ခန်းများကို ဆွဲတံခါး လုပ်ပေးရန်၊ စာချုပ်ကိစ္စ လုပ်ဆောင်ပေးရန်၊ ဈေး အဆောက်အအုံကို ရှေ့သို့ ပေ(၃၀) တိုးပေးရန်၊ ဈေးသစ် တည်ဆောက်ရာမှာ ကြန့်ကြာမှုမရှိစေအောင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေး ခွင့်ပြုရန် စသဖြင့် တောင်းဆိုခဲ့ကြသည်။

လက်ရှိ တာမွေ ယာယီဈေးရုံ(က)၊ ဆိုင်နံပါတ်(၁၉)တွင် ရောင်းချလျက်ရှိသော ကိုနေဝင်းက “ကျွန်တော်တို့ ဈေးသူ/သား တွေ တောင်းဆိုတဲ့ (၈)ချက်ကို လိုက်နာနိုင်တဲ့ ကုမ္ပဏီကို တင်ဒါ ပြန်ခေါ်ပေးပါ၊ ဈေးသူ/သားတွေနဲ့ ညှိနှိုင်းပါ၊ တောင်းဆို တဲ့ (၈)ချက်ကို ပေးနိုင်တဲ့ ကုမ္ပဏီနဲ့ပဲ ဈေးကို ဆောက်ချင်ပါတယ်” ဟု ဆိုသည်။

ဈေးအသစ် ဆောက်ပြီးပါက  မှတ်ပုံတင် ဆိုင်ခန်း ဧရိယာကို (၅)ပေ ပတ်လည်စီ ခွဲဝေပေးမည့် အခြေအနေနှင့် ပတ်သတ်ပြီး ဈေးသူ/သားများက ရောင်းချရန်နေရာ လောက်ငှမှု မရှိဟုဆိုကာ  ကုမ္ပဏီနှင့် အငြင်းပွား လျက်ရှိနေသည်။

ထို့နောက် တာမွေဈေးသစ် တည်ဆောက်ရာတွင် အထပ်(၅)ထပ်ဖြင့် ဝမ်းဝမ်းဝမ်းကုမ္ပဏီမှ ငွေကျပ်(၁၆)ဘီလီယံ အသုံးပြု ကာ ပန္နာက်ရိုက်သည့်နေ့မှ လပေါင်း (၃၀)အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly