ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှသာ ခေါ်ယူမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှသာ ခေါ်ယူမည်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပနေခြင်းကိုတွေ့ရစဉ်။ ဓာတ်ပုံ -  Yangon Hluttaw (fb)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။            ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ၂၀၂၀ ခုနှစ် လွတ်လပ်နေ့ပြီးမှသာ ပြန်လည်ခေါ်ယူမည်ဖြစ်ကာ ၂၀၁၇-၁၈ စာရင်း စစ်ချုပ် အစီအရင်ခံစာ ဆွေးနွေးခွင့် ရ/မရ မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှသာ ခေါ်ယူရန် လျာထားခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီအရင်ခံစာအပေါ် မြန်မြန်ဆန်ဆန် ဆွေးနွေးလိုသည့်အတွက် လွှတ်တော်ကိုယ် စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒီဇင်ဘာတွင် ရုံးပိတ်ရက် များနေခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လုပ်မည့် နှစ်သစ်ကူး တရားပွဲလည်း ရှိနေခြင်းကြောင့် လွတ်လပ်ရေး နေ့ နောက်ပိုင်းမှ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ခြေ ရှိကြောင်း ဆိုသည်။

“ ဒီဇင်ဘာလ ၆ ရက်က လွှတ်တော်မှာ အစည်းအဝေးခေါ်ပြီး ဒီကိစ္စဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့ အခါကျတော့ ဒီဇင်ဘာလမှာ ရုံးပိတ်ရက်တွေကလည်း များတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်မှာနေမယ့် အချိန်တွေလည်း ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်မယ့် နှစ်သစ်ကူး တရားပွဲလည်း ရှိတော့ ၂၀၂၀ ခုနှစ် လွတ်လပ်ရေးနေ့ နောက်ပိုင်းမှ လွှတ်တော်ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့တာတော့ ရှိတယ်။ စာရင်းစစ်ချုပ် အစီအရင်ခံစာကလည်း ခေါ်မယ့် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိ/မရှိကလည်း သေသေချာချာ ပြောတာတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ၂၀၁၆-၁၇ စာရင်း စစ်ချုပ် အစီအရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက တိုက်ရိုက် ဆွေးနွေးခွင့် ရသော်လည်း၂၀၁၇-၁၈ စာရင်းစစ်ချုပ် အစီအရင်ခံစာအား ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိချက် အစီအရင်ခံစာ သုံးသပ်ချက်အပေါ် ပြန်လည် ဆွေးနွေး ရမည်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအကြား ဝေဖန်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက“ ဇန်နဝါရီလ ၁၆ ရက်ကို အရေး ပေါ် အစည်းအဝေးခေါ်ယူဖို့တော့ ရှိတယ်။ လွှတ်တော်မှာ အရေးပေါ် လုပ်စရာက စာရင်း စစ်ချုပ် အစီအရင်ခံစာ ရှိတယ်၊ စည်ပင်သာယာရေး ဥပဒေရှိတယ်၊ အဲဒီဥပဒေကို ပြင်ဆင်ရမယ့် အပိုင်းတွေ ရှိတယ်။ မပြင် ဆင်ရသေးတဲ့ အခြေအနေမှာ စည်ပင်မှာ အလုပ်မလုပ်နိုင်တဲ့ အပိုင်းတွေ ရှိတယ်”ဟု ပြောသည်။

တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲခွင့်ရသည့် မြေနေရာ အဆောက်အအုံ ငှားရမ်းခများမှာ ကာလ ပေါက်ဈေးထက် များစွာ လျော့နည်း ငှားရမ်းထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ထောက်ပြ ဆွေးနွေးလျက်ရှိပြီး ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် YBS၊ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်များကိုလည်း ထောက်ပြ ဆွေးနွေးလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required