ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းအနေဖြင့် ပြန်လည်တောင်းပန်ရန် ပညာရေးတက္ကသိုလ်/ကောလိပ် ကျောင်းသားသမဂ္ဂများ တောင်းဆို

ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းအနေဖြင့် ပြန်လည်တောင်းပန်ရန် ပညာရေးတက္ကသိုလ်/ကောလိပ် ကျောင်းသားသမဂ္ဂများ တောင်းဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။               ။ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း သင်တန်းဆင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည့် ပြောစကားများနှင့်ပတ်သက်၍ ပြန်လည်တောင်းပန်ရန် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီက ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၏ပြောစကားများနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ပြန်လည်တောင်းပန်ရန် အချက်(၅)ပါသည့် သဘောထားကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အုပ်ချုပ်မှုသင်တန်းကျောင်း(၈/၂၀၁၉) သင်တန်းဆင်းပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး ကိုလေးဝင်းက  အမှာစကားပြောကြားခဲ့ရာ တွင်''ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ကျောင်းသားတွေက အခုကျောင်းဆရာတောင် မဖြစ်သေးဘူး။သမဂ္ဂအဖွဲ့ဝင် ပညာရေးတက္ကသိုလ်၊ကောလိပ်ကျောင်းသားသမဂ္ဂ ကလေးတွေရဲ့အသံကို နားထောင်ကြည့်ပါဦး။ သင်တန်းတစ်ခုပြီးဆုံးရာတွင် ဆရာကောင်း၊ဆရာမွန်တွေ မွေးထုတ်ပေးရမှာပေါ့။နိုင်ငံတော်အစိုးရ၊ပညာရေးဝန်ကြီးဌာနကို ဆန့်ကျင်တဲ့သူတွေကိုများ မွေးထုတ်နေတာလား။ဆရာကြီး(ပညာရေး၀န်ကြီး) နည်းနည်းတော့ Review လုပ်ဖို့လိုလိမ့်မယ်။ မကြာခင်သူတို့က ကျောင်းဆရာ လုပ်တော့မယ်။ ဒါပေမယ့် သူတို့မှာ အပြန်အလှန်လေးစားမှုဆိုတာ မရှိဘူး။တော်တော်ကြီးကို ပြောတာဆိုတာတွေက နားနဲ့မဆံ့ဘူး။ ဒီကလေးတွေက ကျွန်တော့်ဆီမှာ ဆရာလာလုပ်မယ့်သူတွေပါ။ ဒါပေမယ့် ပြောတာဆိုတာတွေက ထိပ်တိုက်ရင်ဆိုင်တာ(Confrontation)များတယ်။ ဒါလုပ်ပေးမှာလား၊ မလုပ်ပေးရင် ဆန္ဒပြမယ်၊ ဒါကို လုပ်ကိုလုပ်ပေးရမယ်၊ မလုပ်ပေးလို့ မရဘူးဆိုတာမျိုးပေါ့။ ခုခေတ်က အရောင်ဆိုးတာ များတယ်။ ကျွန်တော့်ဆရာ၊ဆရာမတွေ အကုန်လုံးကို အရောင်ဆိုးတာ မခံချင်ဘူးနော်။ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်ပြီး တိုက်ခိုက်တာတွေ ခုအများကြီးလုပ်နေတယ်။ ဆရာကြီး၊ဆရာမကြီးတွေက ပညာရေးကောလိပ်ဆင်းကလေးတွေ ကျောင်းကိုရောက်လာရင် တတ်နိုင်သမျှ စည်းရုံးပေးပါ " ဟု  ပြောဆိုခဲ့ခြင်းကြောင့် ယင်းစကားလုံးများအတွက် တောင်းပန်ရမည်ဟု ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး တောင်းဆိုခဲ့သည်။

"အခုသတင်းစာရှင်းလင်းပွဲအပြီး မနက်ဖြန်လောက်ကြရင် စာပို့မှပါ။အချိန်ကတော့ တစ်ပတ်လောက်ပေးမှပါ။ သူတို့ဘက်ကဆွေးနွေးဖို့အချိန်ရ‌အောင်ပါ။ သူပြောခဲ့တဲ့စကားလုံးတွေက လုံးဝမှားပါတယ်။ ချက်ချင်းကြီး တောင်းပန်းခိုင်းတာ မဟုတ်ပါဘူး။ သူပြောခဲ့တဲ့အချက်နဲ့ ကျွန်တော်တို့ပြောတဲ့အချက်နဲ့ ဘယ်ဟာမှန်လဲ မှားလဲဆိုတာ အရင်ဆုံး လူချင်းတွေပြီး ဆွေးနွေးပြီးမှ မှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ပြီးမှ တောင်းပန်ခိုင်းမှပါ။" ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုအောင်မျိုးကျော်က မီဒီယာများကိုပြောဆိုသည်။

"ဝန်ကြီးဌာနကိုတောင်းပန်စေချင်တာမဟုတ်ပါဘူး။ကံယကံရှင် ကိုတောင်းပန်စေခြင်တာပါ။ သူကိုစာပို့တယ်၊ မတောင်းပန်ဘူးဆိုရင် ဝန်ကြီးကိုစာသွားပါမယ်။တစ်စုံတစ်ရာတုံပြန်မှုမရှိဘူးဆိုရင် ဆက်သွားမယ့် အစီစဉ်တွေရှိပါတယ်'' ဟု ကိုအောင်မျိုးကျော်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့အခြေအနေများပေါ်ပေါက်လာမူတို့ကြောင့် မဇ္စျိမသတင်းဌာနအနေဖြင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ၏တယ်လီဖုန်းသို့ဆက်သွယ်ရာတွင် ဆက်သွယ်ရခြင်း မရှိခဲ့ပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required