အမေရိကန်၏ပိတ်ဆို့အရေးယူမှုကို တန်ပြန်ကာ အီရန်တွင် နိုင်ငံတော်ဘတ်ဂျက်ကြေညာချက် ထုတ်ပြန်

အမေရိကန်၏ပိတ်ဆို့အရေးယူမှုကို တန်ပြန်ကာ အီရန်တွင် နိုင်ငံတော်ဘတ်ဂျက်ကြေညာချက် ထုတ်ပြန်

တီဟီရန် ၊ ဒီဇင်ဘာ ၉။               ။ အီရန်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ကာ နိုင်ငံအဝှမ်း ဆန္ဒပြမှုများဖြစ်ပေါ်လာပြီးနောက် သမ္မတ ဟက်ဆန်ရိုဟာနီသည် အမေရိကန်တို့၏ပိတ်ဆို့အရေးယူမှုကိုဆန့်ကျင် သည့်အနေဖြင့် ဒီဇင်ဘာ ၈ ရက်နေ့က နိုင်ငံတော်ဘတ်ဂျက်နှင့်ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။  

တိုင်းပြည်ငွေကြေးစနစ်ကျဆင်းပြီး သွင်းကုန်တန်ဖိုးများဖောင်းပွနေမှုနှင့်အတူ အီရန်ပြည်သူများသည် စီးပွားရေး သိသိသာသာကျဆင်းနေမှုကို ရင်ဆိုင်နေရသောကြောင့် အခက်အခဲများသက်သာစေရန် ထိုသို့ လုပ်ဆောင် ခြင်း ဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။

ပြည်သူ့ကဏ္ဍများတွင် ၁၅ ရာခိုင်နှုန်း လစာတိုးမှုပါဝင်သည့် ဘတ်ဂျက်လျာထားကြောင်း၊ ဒဏ်ခတ်အရေးယူများ ခံနေရသော်လည်း အထူးသဖြင့်လောင်စာဆီနှင့်ပတ်သက်၍ တိုင်းပြည်အတွက် စီမံခန့်ခွဲမှုများ လုပ်နိုင် ကြောင်းသမ္မတက လွှတ်တော်တွင် ပြောကြားခဲ့သည်။

အီရန်ပြည်သူများ အခက်အခဲကျော်လွှားနိုင်စေရန် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကို နိုင်ငံ့ဘတ်ဂျက်အနေဖြင့် လျာထားကြောင်း၊  ရုရှားတို့၏ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုမှလည်း အကျိုးအမြတ်များ ရမည်ဖြစ်ကြောင်း၊ သွင်းကုန်၊ ထုတ်ကုန်၊ ငွေလွှဲမှုနှင့် ငွေကြေးလဲလှယ်နှုန်း၊ လောင်စာဆီတင်ပို့ခြင်း စသည်တို့တွင်  အခက်အခဲများစွာ ကြုံနေသည့်ကြားမှ ပြည်သူများအခက်အခဲ လျော့နည်းသက်သာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရိုဟာနီက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့်နှစ် မေလမှစ၍ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သွားပြီး နောက် အီရန်အပေါ် အရေးယူဒဏ်ခတ်မှုများ ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required