‘မန်စီးတီးက ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူး။’ - ဂွာဒီယိုလာ

‘မန်စီးတီးက ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူး။’ - ဂွာဒီယိုလာ
Photos: EPA

မန်ချက်စတာစီးတီးဟာ ဥရောပရှိ အကောင်းဆုံးအသင်းတွေနဲ့ "ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးကြောင်း"နဲ့ "ဒီအဖြစ်မှန်ကို လက်ခံဖို့လိုကြောင်း" ပတ်ဂွာဒီယိုလာက ပြောဆိုသွားပါတယ်။

သူ့ရဲအသင်းဟာ စနေနေ့က ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားထိပ်က ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ်(၁၄)မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးတီးဟာ ပြည်တွင်းဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် ၂၀၁၉-၂၀ ရာသီမှာ (၄)ပွဲအထိ ရှုံးထားပါတယ်။

ဂွာဒီယိုလာက "ကျနော်တို့အနေနဲ့ ဒါကို လက်ခံရမှာပါ။ တိုးတက်အောင် လုပ်ဆောင်ပြီး ရှေ့ဆက်သွားဖို့ လိုပါတယ်။"လို့ ပြောပါတယ်။

"[မန်ချက်စတာ] ယူနိုက်တက်က ခံစစ်ခုခံဖို့ အရည်အသွေးကောင်းရှိပြီး တန်ပြန်တိုက်စစ်နဲ့ တိုက်စစ်ဆင်ရာမှာလည်း အရည်အသွေးရှိတယ်။ ဒါကို ခင်ဗျာ လက်ခံရမှာပါ။"လို့ သူက ဆက်ပြောပါတယ်။

"ကျနော်တို့ ရင်ဆိုင်ရတဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေက ဒီအဆင့်အတန်းမျိုးရှိတဲ့ အသင်းတွေပါ။ ကျနော်တို့ အခုချိန်မှာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာဟာ အမှန်တရားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

"ကလပ်အသင်းအနေနဲ့ တိုးတက်ဖို့အတွက် ကျနော်တို့ ရှင်သန်ဖို့ လိုအပ်ပါလိမ့်မယ်။ အခုချိန်မှာ ဒီအဖြစ်မှန်ကို လက်ခံဖို့နဲ့ တိုးတက်ဖို့ပဲဖြစ်တယ်။"

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီး ၂၀၁၇-၁၈ ရာသီက ရမှတ် (၁၀၀)နဲ့ စံချိန်ချိုးထားခဲ့ပေမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ လီဗာပူးလ်ရဲ့ ဖြုတ်ချတာကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီ ဥရောပပြိုင်ပွဲမှာလည်း အလားတူအဆင့်ကို ရောက်ရှိခဲ့ပြီး စပါးအသင်းကို မကျော်လွှားနိုင်ခဲ့ပေမယ့် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်အသင်းဖြစ်ခဲ့ပါတယ်။

ယခုရာသီမှာ ရုန်းကန်နေရပေမယ့်လည်း စီးတီးအသင်းဟာ ဒိုင်နမို ဇာဂရက်အသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် အုပ်စုအဆင့်ကနေ တက်ရောက်နှင့်ပြီးဖြစ်ပါတယ်။

သူတို့ဟာ ယခုလအကုန်ပိုင်းမှာ လိဂ်ဝမ်းကလပ် အောက်စ်ဖို့ဒ်ယူနိုက်တက်နဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ကစားမှာဖြစ်ပြီး ဒီဖလားကို (၃)ကြိမ်ဆက် ရယူဖို့လည်း ကြိုးစားနေပါတယ်။

သူတို့ဟာ လက်ရှိအက်ဖ်အေဖလားကို ကာကွယ်ဖို့အတွက် ဇန်နဝါရီလမှာ ပို့ဒ်ဗယ်လီလို ဒုတိယတန်းက အသင်းမျိုးနဲ့ တွေ့ဆုံနေပါတယ်။

"တကယ်တော့ ကျနော်တို့ရဲ့ ပြိုင်ဘက်တွေရဲ့ အရည်အသွေးနဲ့ အထူးသဖြင့် ဒါတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ ကျနော်တို့ရဲ့ အမှားတွေကြောင့် (၁၄)မှတ်အထိ ကွာဟသွားစေပါတယ်။ ဒါက အစစ်အမှန်ပါ။ ဒါပေမယ့် ကျနော်တို့ ဆက်လုပ်သွားဖို့ လိုပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ကျနော်တို့က ဒီဇင်ဘာလရဲ့ အစမှာ ရှိနေပါသေးတယ်။ ကျနော်တို့ တခြားပြိုင်ပွဲတွေမှာ ကစားဖို့ ရှိပြီး တခြားပွဲတွေကို တိုက်ခိုက်ရင်းနဲ့ တိုးတက်လာဖို့ ရှိပါတယ်။

"ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ စဉ်းစားမနေပါဘူး။ ကျနော်တို့ အမှတ်ဘယ်လောက် လိုအပ်တယ် ဒါမှမဟုတ် ပြိုင်ဘက်အသင်းက ရမှတ်ဘယ်လောက် ဆုံးရှုံးဦးမယ်ဆိုတဲ့အကြောင်းကို ကျနော် စဉ်းစားမနေပါဘူး။ ကျနော်တို့က နောက်လာမယ့်ပွဲကို အနိုင်ရဖို့ ကြိုးစားဖို့နဲ့ နိုင်ပွဲတွေ ရယူဖို့ဖြစ်ပါတယ်။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly