Maurizio Cattelan ၏ ဒေါ်လာ ၁၂၀,၀၀၀ တန် အနုပညာလက်ရာ ငှက်ပျောသီးကို အခြား အနုပညာရှင်တစ်ဦးက စားပစ် 

Maurizio Cattelan ၏ ဒေါ်လာ ၁၂၀,၀၀၀ တန် အနုပညာလက်ရာ ငှက်ပျောသီးကို အခြား အနုပညာရှင်တစ်ဦးက စားပစ် 

ဒီဇင်ဘာ ၈ ။      ။ အမေရိကန်နိုင်ငံ မီယာမီကမ်းခြေရှိ အနုပညာ ပြခန်းတစ်ခုတွင် ငှက်ပျောသီးတစ်လုံးကို နံရံမှာ တိပ်နှင့် ကပ်ထားသည့် အနုပညာလက်ရာတစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်လာ ၁၂၀,၀၀၀ နှင့် ရောင်းထွက်ထားခဲ့သည်။ ယခုအခါ အဆိုပါ နံရံပေါ်က အနုပညာ လက်ရာ ငှက်ပျောသီးကို အခြားသော သရုပ်ဆောင် အနုပညာရှင်တစ်ဦးက အခွံနွှာ စားပစ်လိုက်ကြောင်း သိရသည်။

အီတလီ နာမည်ကျော် အနုပညာရှင် Maurizio Cattelan ၏ ဖန်တီးမှုလက်ရာ Comedian ဟု နာမည်တပ်ထားသော အဆိုပါ ငှက်ပျောသီးကို မီယာမီက နိုင်ငံတကာ အနုပညာပြခန်းတစ်ခုတွင် ပြသထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အနုပညာ ဖန်တီးမှုကို ပြုလုပ်ရာတွင် ကုန်စုံဆိုင်တစ်ခုမှ ငှက်ပျောသီးနှင့် တိပ်ကို ဝယ်ကာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအပတ်ထဲတွင် အကန့်အသတ်ဖြင့်သာ ပြုလုပ်ထားသည့် အဆိုပါ ငှက်ပျောသီး အနုပညာလက်ရာများကို ဝယ်သူ သုံးဦးက ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က တင်ဆက်ဖျော်ဖြေမှုဆိုင်ရာ အနုပညာရှင် David Datuna က နံရံပေါ်မှ ယင်းငှက်ပျောသီးကို ဆွဲယူပြီး အခွံနွှာကာ စားသောက်ပစ်ခဲ့သည်။။

“ ဒါက ကျွန်တော့်ရဲ့ အနုပညာ ဖျော်ဖြေတင်ဆက်မှုပေါ့၊ မော်ရီဇီယို ရဲ့ လက်ရာကို ကျွန်တော် ကြိုက်တယ်၊ ဒီလို ခင်းကျင်းထားတာကို လည်း ကျွန်တော် သဘောကျတယ်၊ ဒါ တကယ် အရသာရှိတယ်ဗျာ” ဆိုပြီး Mr Datuna က အင်စတာဂရမ်တွင်  ရေးထားသည်။

ယင်းနောက် ကနဦးပိုင်းတွင် ပြတိုက်ဝန်ထမ်းတစ်ဦးက ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်း ချက်ချင်းပဲ အခြားငှက်ပျောသီးတစ်လုံးဖြင့် အစားထိုးခဲ့ပြီး နောက်ထပ် အရေးယူမှုလည်း မရှိခဲ့ဟု သိရသည်။

ယင်း အနုပညာလက်ရာသည် စစ်မှန်မှု အထောက်အထားတစ်ခု ရှိသည့်အတွက် ပိုင်ရှင်များအနေဖြင့် ငှက်ပျောသီးကို အစားထိုးလို့ရနိုင်သည်ဟု သိရသည်။

“ သူ(ဒတ်တူနာ) က ဒီ အနုပညာလက်ရာက မဖျက်ဆီးခဲ့ပါဘူး၊ငှက်ပျောသီးက တကယ်တော့ အိုင်ဒီယာပါပဲ” ု ပြခန်း ဒါရိုက်တာ Lucien Terras က ပြောသည်။

ယင်းနောက် အစားထိုး ပြသထားသော ငှက်ပျောသီးကို စောင့်ကြပ်ရန် ရဲများကို တာဝန်ချထားခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ အနုပညာလက်ရာကို ဖန်တီးသူ Maurizio Cattelan သည် မကြာသေးခင်က အင်္ဂလန်ရှိ ဘက်ကင်ဟမ်နန်းတော်ကနေ ခိုးယူခံခဲ့ရသည့် ရွှေအိမ်သာခွက်ကို ဖန်တီးမှုအတွက် နာမည်ကျော်သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly