စစ်ကိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်

စစ်ကိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၇ ။           ။ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)သို့ သွားရောက်ရင်ဆိုင် ဖြေရှင်းမည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား ထောက်ခံပွဲကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့တွင် ပြုလုပ်သည်။

အဆိုပါ ထောက်ခံပွဲကို စစ်ကိုင်းမြို့ မြို့မိမြို့ဖအဖွဲ့ က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ထောက်ခံပွဲသို့ ဆရာတော် သံဃာတော်များ သီလရှင် ဆရာလေးများ၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ စစ်ကိုင်းမြို့နယ်အတွင်းမှ ပြည်သူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ နှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းပါဝင်ကြောင်းသိရသည်။ ထောက်ခံသူများသည်စစ်ကိုင်းမြို့ ဗိုလ်ချုပ်ကြေးရုပ်မှ စတင်၍ မြို့ပတ်ကာ လှည့်လည်ချီတက်ခဲ့ကြသည်။

"ကျွန်တော်တို့နိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ တရားစွဲဆိုထားတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ဖြေရှင်းမှာ။ ဒီလိုဖြေရှင်းတဲ့အခါမှာ ခေါင်ဆောင်နဲ့အတူရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့လုပ်တာ ။ ပါတီက ဦးဆောင်တာမဟုတ်ဘူး။ မြို့မိမြို့ဖအဖွဲ့ ကနေ ဦးဆောင်တာပါ '' ဟု စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း ကပြောသည်။

ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို တရားစွဲဆိုထားမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကြားနာမှုများ ပြုလုပ်မည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required