လူတွေကို အကြီးမားဆုံးပြောင်းလဲစေတဲ့ အရာတွေ

လူတွေကို အကြီးမားဆုံးပြောင်းလဲစေတဲ့ အရာတွေ

ရေးသားသူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတွေဟာ ပြောင်းလဲမှုကို ကြောက်ကြတယ်၊ ကိုယ့်ဘဝကို ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့ အကျင့်ဆိုးတစ်ခု၊ အကြောင်းအရာတစ်ခုကို ပြောင်းလဲခြင်းကို ကြောက်တဲ့စိတ်နဲ့ ဖယ်ရှားဖို့ကို ဝန်လေးကြတယ်။ အစားကိုအလွန်အကျူးစားတာ၊ အရက်၊ဆေးလိပ်ကို စွဲလမ်းတာ၊ အမြဲနောက်ကျနေတဲ့ အကျင့်ရှိတာ၊ အသုံးအဖြုန်းကြမ်းတာ စသဖြင့် ကိုယ့်ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ထိခိုက်စေမယ့် အမူအကျင့်တွေကို စွန့်လွှတ်ဖို့၊ ပြောင်းလဲဖို့အတွက် ခက်ခဲကြတယ်။ ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင်မှာ ပြောင်းလဲချင်တဲ့စိတ်ပေါ်လာဖို့ကို ပိုခက်တယ်။

ဒါဆိုရင် လူတွေကို ဘယ်လိုအရာတွေက ပြောင်းလဲချင်စိတ်ကို ဖြစ်စေတာလဲ။

၁။ အမှုမဲ့အမှတ်မဲ့ပဲ။

တချို့ရှိတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်၊ မကောင်းတဲ့အကျင့်တစ်ခုကို မလုပ်ဖို့ ကြိုးစားနေတာကြာပြီ၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်စွန့်လွှတ်လိုက်နိုင်တယ်။ ဒီလိုလူတွေကို ဘာကြောင့် လုပ်နိုင်သွားတာလဲမေးရင် သူတို့မှာအဖြေမရှိဘူး။ ဒီအတိုင်းပဲ လုပ်ချင်သွားတယ်၊ အရင်တုန်းက မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ အခုကတော့ လုပ်နိုင်သွားတယ်ဆိုပြီးပဲ ဖြေကြတယ်။

၂။ အချစ်နဲ့ တွေ့သွားတာကြောင့်။

အချစ်ကလူတွေကိုပြောင်းလဲစေနိုင်တယ်ဆိုတာ အမှန်လို့ပဲပြောရမယ်။ ကိုယ့်ချစ်ရမယ့်သူတွေ့လာရင် သူမကြိုက်လောက်မယ့်ကိစ္စတွေကို မလုပ်မိအောင် နေဖြစ်တာမျိုးပေါ့။

၃။ ကလေးလေးရှိသွားတာ။

တချို့ ဆေးလိပ် အရက်ပုံမှန် သောက်တတ်တဲ့ အမျိုးသမီးတွေ ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သိတဲ့ချိန်ဆိုရင် ဆေးလိပ် အရက်တွေ အကုန်ဖြတ်ပစ်လိုက်ကြတယ်။ ဒါက ကိုယ့်ရင်သွေးလေးကို ထိခိုက်မှာစိုးတဲ့ မိခင်စိတ်ကြောင့်ပါ။ အမျိုးသမီးတွေတင်မဟုတ်ပါဘူး၊ ဖခင်လောင်းဖြစ်လာမယ့် အမျိုးသားတွေမှာလည်း ကလေးလေး ရလာတော့မယ့်အချိန်မှာ ကိုယ့်ကလေးအတွက် ပြောင်းလဲလာတတ်ကြပါတယ်။

၄။ ကိုယ့်နဲ့ရင်းနှီးတဲ့သူတစ်ယောက် သေဆုံးသွားတာ။

သေဆုံးခြင်းကို ကြုံတွေ့ရရင် လူတွေရဲ့စိတ်ထဲမှာ ဘဝဟာ တိုတိုလေးပါလား၊ ဘဝကို မကောင်းတာတွေကို ဖယ်ပြီး အပြည့်ဝဆုံး ဖြတ်သန်းသင့်တယ်ဆိုပြီး အတွေးအမြင်တွေဝင်လာတဲ့ခါမှာလည်း ပြောင်းလဲလာတတ်ကြပါတယ်။

၅။ အလုပ်ပြုတ်သွားတဲ့အခါ။

ကိုယ့်ဘဝမှာ တစ်ခုခုဆုံးရှုံးသွားရင် ပိုကောင်းတာတွေလာဖို့ဆိုပြီး ဖြည့်တွေးတတ်ကြတယ်လေ။ ဒီလိုအချိန်မှာ ကိုယ်ဘာကြောင့်အလုပ်ပြုတ်ခဲ့လည်းကို ပြန်စဉ်းစားပြီးတော့ အလုပ်ပြုတ်စေလောက်တဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ရင်း တိုးတက်ဖို့နည်းလမ်းတွေ ပြန်လည်ရှာဖွေကြပါတယ်။

၆။ ဝေဖန်ခံရတာများလာတဲ့အခါ။

ဝနေတဲ့လူတစ်ယောက်ကို နင့်ခန္ဓာကိုယ်ကြီးကပုံပျက်နေလိုက်တာ၊ နင်ဘယ်တော့မှ ပိန်မှာမဟုတ်ပါဘူး ဆိုပြီး ခဏခဏပြောခံရတဲ့အခါ အားငယ်သိမ်ငယ်စိတ်ကြောင့် သူ့ကိုဝေဖန်တဲ့သူတွေကို ပြချင်ဇောနဲ့ ပြောင်းလဲဖို့ကြိုးစားတာမျိုးပါ။ ဝေဖန်ခံရမှ တိုးတက်မယ်ဆိုတာမျိုးပေါ့နော်။

၇။ မပြောင်းမဖြစ်အခြေအနေရောက်လာတဲ့အခါ။

အကျင့်ဆိုးတစ်ခုကြောင့် မိသားစု၊ ပတ်ဝန်းကျင်ကလည်း ဝိုင်းပြောကြတယ်။ ကိုယ့်ကျန်းမာရေးကို လည်းထိခိုက်နေပြီ။ စီးပွားရေး၊လူမှုရေး စသဖြင့် ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အကျင့်မျိုးဆိုရင်တော့ ပြောင်းလဲရမယ့် အချိန်ဆိုတာ တစိုက်မတ်မတ်ရောက်ရှိလာမှာပါ။

သင့်မှာ သင့်ကိုယ်သင် ပြောင်းလဲချင်တဲ့ အရာတစ်ခုရှိနေလား။ ဘယ်တော့ ပြောင်းလဲရင်ကောင်းမလဲဆိုပြီး စောင့်နေတာလား။ ပြောင်းလဲတာက တစ်ခါတည်း အပြီးပြောင်းလဲဖို့မလိုအပ်ပါဘူး။ တစ်ဆင့်ချင်း တစ်လှမ်းချင်း ပြောင်းလဲတာကလည်း ပြောင်းလဲတာပါပဲ။ ပြောင်းလဲဖို့အတွက် အချိန်ကောင်းကို စောင့်နေတယ်၊ တစ်ယောက်ယောက်လာပြောဖို့ကို စောင့်နေတယ်ဆိုရင်တော့ မစောင့်ပါနဲ့တော့၊ ပြောင်းလဲခြင်းဆီသို့ စတင်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ပါလို့သာ အကြံပြုချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required