ခြောက်နာရီ ကြာအောင် နှလုံးရပ်သွားပြီးမှ အသက် ပြန်လည် ရှင်သန်လာသူ

ခြောက်နာရီ ကြာအောင် နှလုံးရပ်သွားပြီးမှ အသက် ပြန်လည် ရှင်သန်လာသူ

ဗြိတိန်နိုင်ငံသူ အမျိုးသမီးတစ်ဦးသည် ခြောက်နာရီ ကြာအောင် နှလုံးခုန်ရပ်သွားပြီးကာမှ အသက်ပြန်လည် ရှင်သန်လာခဲ့ရာ ဆရာဝန်များက အလွန်ထူးခြားသည့် ဖြစ်ရပ်အဖြစ် ပြောဆိုကြသည်။

အော့ဒရေးရှူးမန်းဆိုသူ အမျိုးသမီးသည် နိုဝင်ဘာလအတွင်းက ခင်ပွန်းဖြစ်သူနှင့်အတူ စပိန်က ပီရီနီးနှင်းတောင်တန်း တက်ကြစဉ် နှင်းမုန်တိုင်းနှင့် ကြုံချိန် ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားခဲ့ပြီး နှလုံးခုန် ရပ်သွားခဲ့ခြင်းဖြစ်သည်။

ဆရာဝန်များက အော့ဒရေး၏ နှလုံးခုန် ရပ်သွားသည့် ကြာချိန်သည် စပိန်နိုင်ငံတွင် စံချိန်တင်လောက်အောင်ပဲ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ သေမင်းခံတွင်းဝမှ လွတ်မြောက်လာခဲ့ကာ လက်ရှိတွင် လုံးဝနီးပါး နာလန်ပြန်ထူနေပြီဖြစ်သည့် ဘာစီလိုနာတွင် နေထိုင်သော အော့ဒရေးက နွေဦးမတိုင်ခင် အဆိုပါ တောင်ကို ထပ်တက်ရန် မျှော်လင့်ထားသည်ဟု ပြောသည်။

အသက် ၃၄ နှစ်အရွယ် အော့ဒရေးသည် ပီရီနီးတောင်ပေါ်တွင် ရာသီဥတုဆိုးဝါးမှုနှင့် ကြုံလာရချိန်တွင် စကားပြောမရဖြစ်ကာ လှုပ်ရှားမရ ဖြစ်လာခဲ့သည်။ ယင်းနောက်တွင် လဲကျသွားပြီး သတိပြန်မလည်တော့ခြင်း ဖြစ်သည်။

အရေးပေါ်ကို စောင့်ဆိုင်းနေရချိန်၌ အော့ဒရေး၏ အခြေအနေမှာ ပိုမိုဆိုးဝါးလာခဲ့ပြီး ခင်ပွန်းဖြစ်သူ ရိုဟန်ကိုယ်တိုင် သူ့ဇနီးကို လက်လွှတ်လိုက်ရပြီဟု ယူဆမိခဲ့သည်။

“ကျွန်တော် သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းတယ်။ ကျွန်တော် မိန်းမ အသက်မရှုတော့ဘူး။ နှလုံးခုန်သံကိုလည်း မကြားရတော့ဘူး။”ဟု ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ခင်ပွန်းဖြစ်သူ ရိုဟန်က ဖြစ်စဉ်ကို ပြန်ပြောင်းပြောဆိုသည်။

နှစ်နာရီအကြာတွင် ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်၌ အော့ဒရေး၏ ကိုယ်ခန္ဓာအပူချိန်မှာ ၁၈ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ကျဆင်းနေပြီ ဖြစ်သည်။

ဘာစီလိုနာက Vall d’Hebron ဆေးရုံသို့ ရောက်သည့်အခါ အော့ဒရေးမှာ အသက်ရှင်သည့် လက္ခဏာ မရှိတော့ပေ။

သို့သော် အော့ဒရေး ယခုကဲ့သို့ ကျန်းမာရေး ဖောက်ပြန်စေသည့် နည်းပါးသည့် တောင်ပေါ်အပူချိန်ကပဲ သူ့အသက်ကို ကယ်လိုက်တာဖြစ်ကြောင်း သူ့ရဲ့ ဆရာဝန်ဖြစ်သူ အာဂူဒိုက ပြောသည်။

“သူ အသက်မရှင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ကျွန်တော်တို့ သိတဲ့ ဆေးပညာအရ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်းကပဲ သူ့ အသက်ကို ကယ်လိုက်တာပဲ။”ဟု ထုတ်ပြန်ချက်၌ ဒေါက်တာ အာဂူဒိုက ဆိုထားသည်။
သတိလွတ်မေ့မျောချိန်တွင် ကိုယ်အပူချိန် ကျဆင်းခြင်းက သူ့၏ ကိုယ်ခန္ဓာနှင့် ဦးနှောက်တို့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“တကယ်လို့သာ အော့ဒရေးဟာ သာမန်ကိုယ်ခန္ဓာအပူချိန်မှာ ခုလို နှလုံးရပ်သွားတာမျိုးဆိုရင်တော့ အသက်ဆက်ရှင်လိမ့်မှာ မဟုတ်ဘူး။”ဟု ဒေါက်တာ အာဂူဒိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly