မြန်မာ့ဆန်ကို တရုတ်ဘက်မှ အခွန်(၆၅)ရာခိုင်နှုန်းအထိ ကောက်ခံနေသဖြင့် ဆန်ကုန်သည်များ လာအိုမှတစ်ဆင့် လမ်းကြောင်းပြောင်းကာတင်ပို့နေကြ

မြန်မာ့ဆန်ကို တရုတ်ဘက်မှ အခွန်(၆၅)ရာခိုင်နှုန်းအထိ ကောက်ခံနေသဖြင့် ဆန်ကုန်သည်များ လာအိုမှတစ်ဆင့် လမ်းကြောင်းပြောင်းကာတင်ပို့နေကြ
ဓာတ်ပုံ - ထက်မြတ်

ဒီဇင်ဘာ ၆။           ။ မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်ကို တရုတ်နိုင်ငံမှ အခွန်(၆၅) ရာခိုင်နှုန်းသတ်မှတ် ကောက်ခံနေခြင်းကြောင့် ဆန်တင်ပို့သူများအတွက် အဆင်မပြေမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ကပြောသည်။

“တရုတ်နိုင်ငံက မကြားဖူးတဲ့ အခွန်နှုန်းထားဖြစ်တဲ့ ၆၅ရာခိုင်နှုန်းအဖြစ်သတ်မှတ်ထားတဲ့အတွက် ကျွန်တော်တို့ အခွန်ဆောင်နေရတယ်၊ ဆန်တစ်အိတ်ကို ယွမ်းတစ်ရာသတ်မှတ်ရင် ကျွန်တော်တို့က ၆၅ယွမ် ဆောင်နေရ တယ်၊ ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ ဒါမျိုးပုံစံမျိုးမရှိဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အခွန်နှုန်းထား မြင့်မားစွာ ပေးဆောင်ခြင်းကြောင့် ပြည်တွင်း၌ ပြည်ပပို့ဆန်များ သိသိသာသာ ဈေးနှုန်းထိုးကျသွားခဲ့ပြီး ကုန်သည်များနှင့် စိုက်ပျိုးသူများမှာ အဆင်မပြေမှု များစွာ ကြုံတွေ့နေပြီး တင်း ၁၀၀လျှင် ကျပ်ငါးသိန်းသတ်မှတ်ထားသော်လည်း အဆိုပါပမာဏအား မပေးနိုင်သည့်အခြေအနေများဖြင့် ကြုံတွေ့နေရ ကြောင်း သိရသည်။

“ကုန်သည်တွေက သူတို့သတ်မှတ်ထားတဲ့ ဈေးအတိုင်းဆိုရင်ဘယ်လိုမှ မကိုက်တဲ့အတွက် အခုဆိုရင် လမ်း ကြောင်းပြောင်းပို့နေရတယ်၊ လာအိုနိုင်ငံကနေ ထရန်စစ်နဲ့ တရုတ်နိုင်ငံထဲကိုတင်ပို့နေရတယ်၊ ကျွန်တော်တို့နိုင် ငံနဲ့ နယ်စပ်ထွက်ပေါက်ကြီးရှိနေတာကို ဒီလိုတင်ပို့နေရတာက အရမ်းဝမ်းနည်းဖို့ကောင်းတယ်၊ အစိုးရပိုင်းကလည်းသိမှာပါ``ဟု ဦးစိုင်းကျော်က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့လျှင် ဆန်တစ်အိတ် ကျပ်တစ်ထောင်ဝန်းကျင်သာ ကုန်ကျပြီး လာအိုနိုင်ငံမှတစ်ဆင့် တင်ပို့လျှင် တစ်အိတ် ကျပ်ငါးထောင်ခန့် ကုန်ကျကြောင်း သိရသည်။ သို့သော် အခွန်ရာခိုင်နှုန်းဖြင့်တွက်ချက်လျှင် လာအိုနိုင်ငံမှတစ်ဆင့် တင်ပို့မှုက ကုန်သည်များအတွက် များစွာတွက်ချေကိုက်ကြောင်းသိရသည်။

“လာအိုဘက်ကတင်ပို့တာမှ တင်ပို့စရိတ်ပိုပေမယ့် အခွန်ကအတော်လေးကွာပါတယ်။ အဲဒီအတွက် ကျွန်တော်တို့တင်ပို့သူတွေ အဆင်ပြေတယ်လို့ပြောရမယ်။ အခုလိုတစ်ဆင့်ခံ တင်ပို့ရတာဖြစ်တဲ့အတွက် ကုန်သည်တွေအ တွက်လည်း အမြတ်အစွန်းနည်းသလို၊ နိုင်ငံတော်အနေနဲ့ အခွန်ရရှိမှုပိုင်းမှာလည်း ထိခိုက်နေပါတယ်။ ဒီအတွက် နိုင်ငံတော်ပိုင်းကလူတွေအနေနဲ့ တစ်ခုခုစဉ်းစားလုပ်ဆောင်ပေးစေလိုပါတယ်” ဟု ဆန်ကုန်သည် ဦးတင့်ဇော် ကပြောသည်။

အခုလို ဆန်တင်ပို့မှုတွင် ကြုံတွေ့နေရသည့် အခြေအနေများကြောင့် ဆန်ကုန်သည်များအနေဖြင့် ဆန်ပမာဏများများ တင်ပို့လိုခြင်းမရှိတော့ဘဲ အလုပ်ဖြစ်ရုံသာ တင်ပို့နေကြခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုလည်း လွန်စွာနှေး ကွေးလျက်ရှိကြောင်း ကုန်သည်များ ထံမှ သိရသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တဲ့ပုံစံမျိုး လုပ်နေတာပါ၊ သူတို့ဆီက ဆန်ကို လိုအပ်ချက်ရှိတယ်ဆိုတာသိတယ်၊ ဒါပေမယ့် အခုလိုလုပ်နေတာက တရားမဝင်လမ်းကြောင်းကဆိုရင် အကုန်လုံးကို ယူနေ တာပဲ၊ နေ့စဉ် ဆန်အပါဝင် ဖရဲ၊ သခွားနဲ့ အခြားသီးနှံတွေကို သယ်ယူနေတဲ့ကားတွေဆိုတာ ကျွန်တော်တို့ မမြင်ခြင်မှအဆုံးပဲ၊ ဒါမျိုးတွေကို ကျွန်တော်တို့အနေနဲ့ ဘာမှမလုပ်နိုင်ပါဘူး၊ သက်ဆိုင်ရာအနေနဲ့ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု မန္တလေးဆန်ကုန်စည်ဒိုင်၊ ဒုဥက္ကဋ္ဌ ဦးတင့်ဇော်ကပြောသည်။

ဒါ့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရတို့အကြား နှစ်နိုင်ငံ ဆန်တင်ပို့မှုပြုလုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုတည်းဖြင့်သာ စာချုပ်ချုပ်ဆို ထားသည့်ပုံစံမျိုး ဖြစ်နေသဖြင့် ပြည်တွင်းဆန်တင်ပို့သူများမှာ ဈေးနှိမ်ခံရခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကိုလည်း ကြုံတွေ့နေရကြောင်းသိရသည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်လလျှင် ဆန်တန်ချိန်သုံးသိန်းခွဲခန့်အထိ တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင်မူ တန်ချိန်နှစ်သိန်းအောက်သာ တင်ပို့နေရကြောင်းလည်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စာရင်းများအရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required