အောင်မြင်သူ ပန်းချီဆရာ (ဦး)မင်းဝေအောင််နှင့် တွေ့ဆုံခြင်း

အောင်မြင်သူ ပန်းချီဆရာ (ဦး)မင်းဝေအောင််နှင့် တွေ့ဆုံခြင်း

သူကတော့ ဓနုဖြူမြို့ကလေးမှာ မွေးဖွားပြီး၊ ငယ်စဉ်ကတည်းက ပန်းချီ ပညာကို ဝါဿနာပါခဲ့တာ ကြောင့် ရန်ကုန်မှာပန်းချီကျောင်းတက်ရင်း ဘဝကို အခြေခံကနေ ခက်ခဲစွာကြိုးစားခဲ့တဲ့ ပန်းချီဆရာ ဦမင်းဝေအောင်ပဲဖြစ်ပါတယ်။

ဦးမင်းဝေအောင်ရဲ့ ပန်းချီ လက်ရာတွေဟာ မြန်မာနိုင်ငံသာမကဘဲနဲ့ ကမ္ဘာကိုပါ ထိုးဖိုးဖောက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် New Treasure Art Gallery အနေနဲ့ ပန်းချီးပြ ခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်တဲ့ဘဝကို ရရှိလာအောင် ဘယ်လိုမျိုးကြိုးစားခဲ့ရသလဲဆိုတာ သိရှိနိုင်စေဖို့ ဒီတစ်ပါတ်တော့ ပန်းချီဆရာ ဦးမင်းဝေအောင်နဲ့ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

ကျွန်တော်တို့က ဒီပန်းချီကျောင်းမတက်ခင်က နေတယ်ဆိုတာ ဓနုဖြူပေ့ါနော်၊ ဧရာဝတီတိုင်းပေါ့၊ ဓနုဖြူမှာ ကျွန်တော်က မွေးတာပါ။ ဆိုတော့ ငယ်ငယ်ကတည်းက ဒီပန်းချီဝါဿနာပါတယ်ပေ့ါ။ ကျွန်တော်မှတ်မိတာက ကျွန်တော်တို့ ဒီဓနုဖြူမှာ ဧရာဝတီမြစ်ကမ်းဘေး နွေဘက် ဆိုရင် သောင်ကြီးတွေရှိတယ်။ သောင်ပြင်အကျယ်ကြီးပဲ။ ညနေဘက်ရေချိုးတယ်ဆိုရင် အဲဒီသောင်ပြင်ပေါ်မှာ တုတ်ချောင်းနဲ့ခြစ်ပြီးတော့ ပုံတွေဆွဲကြတာပေ့ါ။ အဲဒါလေးမှတ်မိတာပေ့ါ။ နောက်ပြီးတော့ အဲဒီတုန်းကတော့ ကာတွန်းပုံတွေပေ့ါနော်။

အဲဒီတုန်းက ကြံ့ဗဟုံးတို့ စံရွှေမြင့်တို့ အဲဒီပုံတွေ ကူးဆွဲတာပေ့ါ ။ နောက်ကျတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆိုင်းဘုတ်ရေးတဲ့ ဆရာကြီးရှိတယ်။ သူက ဆိုင်းဘုတ်လည်းရေးတယ်။ အခုနက သူများတွေ ပုံတွေလည်းရေးတယ်၊ တစ်ဖက်ကလည်း ဆံပင်လည်း ညှပ်တယ်။ ဆရာကြီး ဒဂုံသန်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပန်းချီတစ်ခုတည်းနဲ့ ရပ်တည်လို့မရဘူး။ အဲဒီတော့ ကျွန်တော့်အဖိုးနဲ့က သူကရင်းနှီးတော့ သူ့ဆီသွားပြီးတော့ ပို့ပေးတယ်။ ပို့ပေးပြီးတော့ သူကနေပြီးတော့ပေ့ါ ခေါင်းပုံလေးတွေ နောက်နှာခေါင်းပုံလေးတွေ ပါးစပ်ပုံလေးတွေ ရေးပြီးတော့ လေ့ကျင့်ရတယ်ပေ့ါ ဒါငယ်ငယ်က။ နောက်ကျတော့ ကျွန်တော်က မူလတန်းကျောင်းမှာကျတော့ ကျွန်တော်တို့ ကျောင်းမှာ ဆရာတွေရှိတယ်လေ၊  ဆရာလေး ဦးသိန်းထွန်းဆိုတာ ပန်းချီလဲဝါဿနာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကို သူကအားပေးတာပေ့ါနော်။ ကျွန်တော်မှတ်မိတာ ငယ်ငယ်ကကျွန်တော်က ပထမတန်းမှာ ကျွန်တော်အဲဒီလိုမျိုး ၂ တန်းလား၊ ၃ တန်းလားမသိဘူး သိပ္ပံသင်ရတယ်လေ၊ အဲမှာဆရာဒေါ်အေးဌေးဆိုတာ၊ သူကသိပ္ပံကပုံတွေ ကျွန်တော်တို့ အဲဒီမှာတုန်းက နွားပုံတို့၊ ဝက်ပုံတို့၊ ဆိုတာ ကျွန်တော်တို့ ထွက်ပြီးတော့ ဆွဲပေးရတယ်။ အဲဒီဆရာမက ရေးခိုင်းတာ၊

 

အဲဒီကတည်းက ဆရာတော်တော်လေး အခြေခံကို စပြီးတော့ လေ့လာနေတယ်ပေ့ါ။

အင်းပေ့ါ။ လေ့လာနေတယ်။ ပတ်ဝန်းကျင်ကလည်း အဲလိုမျိုး ပံ့ပိုးတဲ့လူလဲရှိတာပေ့ါ။ တစ်ခါ အဲဒီကနေ မူလတန်းကနေ၊ အထက်တန်းရောက်သွားတော့ ဘာနဲ့သွားဆုံလဲဆိုတော့ ကျွန်တော်တို့ ဓနုဖြူအထက်တန်းဆိုတော့ ကျောင်းကြီးလို့ခေါ်တယ် အဲဒီမှာ ဆရာကြီး ဦးဘိုးဆိုတာရှိတယ်။ သူက ပန်းချီသင်တာ။ သူနဲ့သွားဆုံတယ် ဆုံတဲ့အခါ သူ့ဆီကတေ့ာ ဂဃနဏ သင်ရတာမဟုတ်ဘူး။ ကျွန်တော်တို့နေတဲ့အိမ်နဲ့ သူနေတဲ့အိမ်နဲ့က နီးတာ ပေ့ါနော်။ တစ်ခါသူ့ဆီကလည်း လေ့လာရတာပေ့ါ။

နောက်အဲဒီမှာ ဆရာဦးဟန်ရေးဆိုတာ သူက စက်မှုလက်မှုမှာဆရာ ဒါပေမဲ့ သူကလည်း ပန်းချီဆရာပဲ အဲဒီဓနုဖြူမှာဆိုရင် ပန်းချီလုပ်ငန်းတွေ မှန်သမျှသူကလုပ်တယ်။ နောက်သူနဲ့တွဲပြီးတော့ ကျောင်းနံရံကပ်စာစောင်တွေဆိုရင် ကျွန်တော် တို့က သရုပ်ဖော်ပုံရေးပေ့ါ သူနဲ့တွဲပြီးတော့။ အဲဒီမှာဆရာ ဦးကံသိန်းဆိုတာရှိတယ်။ သူက ကဗျာတွေ ရေး၊ ဆောင်းပါးတွေရေး၊ အဲလိုမျိုးနဲ့ ကျွန်တော်တို့ ငယ်ငယ်ကလေးထဲက ဒီအသိုင်းအဝိုင်းနဲ့ ရင်းနှီးတာပေ့ါနော်။

နောက်ဒီ ဆရာဦးဟံရေးရဲ့ညီကလည်း ပန်းချီကျောင်းဆင်းပဲ ကိုမြင့်ဆွေလှိုင်ဆို တာ သူကပန်ချီးကျောင်းဆင်းပြီးတော့ ဓနုဖြူကိုပြန်လာတဲ့အခါကျတော့ ကျွန်တော်တို့က ကျေင်းမတက်သေးဘူးပေ့ါနော်။ အဲဒီအချိန်မှာသူကနေပြီးတော့ သူတို့ကျောင်းမှာ ဘယ်လိုလေ့ကျင့်ရ တယ်ဆိုတာ ပြောပြတယ်။ အဲဒီမှာကျွန်တော်တို့က လေ့ကျင့်ပေါ့။

နောက်အဲဒီအချိန်မှာဘဲ ကိုဆွေမျိုး ဓနုဖြူပေ့ါနော် တွတ်ပီရေးတယ် သူကလည်း ဓနုဖြူသားပဲ။ သူကကျွန်တော်တို့ထက် စောတယ်။ သူက ပန်းချီကျောင်းတက်နေပြီ၊  အဲဒီတော့ ပန်းချီကျေင်းမတက်ခင်ကတော့ သူလည်းအဲဒီလိုမျိုးပေ့ါနော်။ ကျောင်းမှာ သူကအဲဒီအချိန်တုန်းက ကာတွန်းတွေ၊ ရုပ်ပြလေးတွေ ရေးတယ်။ နောက်ပန်းချီးကျောင်းသွားတက်ပေ့ါ။ ကျွန်တော်ကတော့ ဓနုဖြူမှာ ကျန်ခဲ့ပေ့ါ။ နောက်သူကလည်း ဓနုဖြူကိုပြန်လာတဲ့အခါမှာ သူ့ရဲ့အတွေ့အကြုံတွေပြောပြပေ့ါ။

 

ဟုတ်ကဲ့ အဲဒီတော့ ဆရာ အဲလိုနဲ့ပဲ နယ်ကနေပြီးတော့ ရန်ကုန်ရောက်လာပြီး ပန်းချီ ကျောင်းတက်တာ ပေ့ါနော်။ ဆရာအနေနဲ့ ဒီကျောင်းတက်နေတဲ့အချိန်မှာပေ့ါနော် ဒီပန်းချီပညာကို လေ့လာရင်းနဲ့ ဘယ်လိုမျိုး ဘဝမှာ အခက်အခဲတွေပေ့ါနော် စိန်ခေါ်မှုတွေ မှတ်မှတ်ရရကြုံတွေခဲ့ရသလဲ ဆရာ။

ပန်းချီကျောင်းတက်နေရင်းကတော့ အခက်အခဲတွေကတော့ အများကြီးပေါ့။ နောက်ကျွန်တော်က တစ်ခုကံကောင်းတာက ပန်းချီကျောင်းပထမနှစ်မှာ အခုနပြောသလို ဆရာကြီး ဦသုခနဲ့ ရင်းနှီးတယ်။ ဆရာကြီး ဦးသုခအိမ်က ဗဟန်း ၃ လမ်းမှာရှိတယ်။ နေ့လည်ဘက်ကို ဆရာ့အိမ်မှာ ကျွန်တော်က ထမင်းချိင့်သွားယူရတယ်။ ကျွန်တော်တို့ ကတော့ အဆောင်ကျောင်းသားဆိုတော့ဗျာ အဆောင်ကနေ ထမင်းစားလာတယ်။ အခုနပြောလိုသမျိုးပေ့ါ ဟင်းလည်းမကောင်း၊ ထမင်းလည်းမကောင်းတော့ ထမင်းဆိုတာ ခူးလိုက်ပြီး ကြာသွားရင် အပေါ်မှာ မာတောင်သွားတာပေ့ါ။ အဲသလိုမျိုးတွေ ကျွန်တော်တို့က စားလာတယ်။

ဒါပေမယ့် ပန်းချီးကျောင်းရောက်တဲ့အခါမှာ ဆရာကြီးဦးသုခနဲ့ ရင်းနှီးတယ်။ ကျွန်တော်က ဝိုင်းလုပ်ပေးတာပေ့ါ နော်။ နယ်ကကျောင်းသားဆိုတော့ ဆရာကြီးကို ရေနွေးအိုးကျိုတာကအစ ဝိုင်းလုပ်ပေး။ အဲဒီတော့ နေ့လည်ဘက်ဆိုရင် ထမင်းချိုင့်ကို ကျွန်တော်က သူ့အိမ်မှာ သွားယူပေးရတယ်။ သွားယူပေးပြီးတော့ နေ့လည်ထမင်းကျောင်း မုန်းစားကျောင်းဆင်းတဲ့အခါကျတော့ ဘိုကလေး ဦးကျော်လှိုင်ရယ်၊ ဆရာကြီးဦးသုခရယ်၊ နောက်မော်ဒယ်ထိုင်တဲ့ မဝင်းတင်ရယ်။ သူတို့က အဲဒီမှာ ထမင်းစုစားကြတယ်။ စုစားရင် ကျွန်တော်က ပြင်ပေးပေ့ါနော်။  ပြင်ပေးပြီးတော့ သူတို့စား စားပြီးတာနဲ့ အဲဒီပန်းကန်တွေ ချိုင့်တွေကို ကျွန်တော်နဲ့ မော်ဒယ်ထိုင်တဲ့ အမကြီး မဝင်းတင်နဲ့က ကျောင်းရှေ့မှာရှိတဲ့ ရေကန်မှာသွားဆေးနော်။

နောက်ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဆရာကြီး ဦးကျော်လှိုင်ကလည်း ထမင်းတွေဟင်းတွေ ပိုထည့်တယ် နောက်ပြီး ဆရာဦးသုခကလည်း ပိုထည့်လာတယ်။ မဝင်းတင်ကလည်း ပိုထည့်လာတယ်။ သူတို့သုံးယောက်စားပြီး ပိုတဲ့အချိန်မှာ ကျွန်တော်ကစားသွားကော။ စားပြီးတော့ ကျွန်တော်ပန်းကန်ဆေးပေ့ါနော်။ အဲဒီလိုမျိုးနဲ့ ကျွန်တော်ကလည်း ကုသိုလ်ကံကောင်းတာပေ့ါ။ ဒီကျောင်းတက်တဲ့ဥစ္စကတော့ ခက်ခဲတယ် ဆိုပေမယ့် ကိုယ်ဝါဿနာပါတဲ့ဥစ္စာလုပ်တယ်ဆိုတော့ ခက်ခဲတယ်ဆိုတာ မေ့နေကြတယ်။ ကျော်လွှားနိုင်တာပေ့ါနော်။  

 

ကိုယ်ဝါဿနာပါတဲ့ ပန်းချီပညာကို လေ့လာသင်ကြားခွင့် ရတာကြောင့် အခက်အခဲ တွေကိုလည်း ရင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း အထူးသိတတ်တာ ကြောင့် သူ့ရဲ့ဘဝမှာ အောင်မြင် လာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဘဝမှာ အမြဲတမ်းအမှတ်တရ ရှိနေခဲ့တဲ့သူကတော့ ပန်းချီပညာတွေကို သင်ကြားပေးခဲ့တဲ့ ဆရာလည်းဖြစ်သူ၊ ပန်းချီကျောင်းမှာ တုန်းကလဲ သူရဲ့အဆောင်မှူးဖြစ်ခဲ့တဲ့ ပန်းချီဆရာ ဦးသုခပဲဖြစ်ပါတယ်။

ကျွန်တော်တို့က ဒီ ၂၀၀၇ မှာ ဆရာကြီး ဆုံးသွားတော့ ၂၀၀၈ ခုနှစ်ကျတော့ ကျွန်တော်တို့က ဒီကန်တော့ပွဲ လုပ်တဲ့အခါကျတော့ ဆရာရဲ့ ဓာတ်ပုံပေ့ါနော် ဓာတ်ပုံချိတ်ပြီး ကန်တော့ကြတယ်။ အဲဒီလိုကနေပြီးတော့ ကျွန်တော်တို့က ဓာတ်ပုံအစားပေ့ါနော် ရုပ်ထုလုပ်ပြီး ကန်တော့ပွဲမှာ ကန်တော့ရင် ပိုကောင်းမယ်ဆိုတာနဲ့ ဒီရုပ်ထုကို လုပ်ဖြစ်တာဘဲ။ ဒီရုပ်ထုကို ထုပေးတဲ့ ပန်းပုဆရာက ကိုတင်ဝင်းထွန်း(ပေါင်းတည်)ဆိုတာ ကျွန်တော်တို့နဲ့ တစ်နှစ်ထဲပါဘဲ ကျွန်တော်တို့က ပန်းချီတက်တယ်၊ သူက ပန်းပုတက်တယ်။ သူကနေပြီးတော့ ဒီပန်းပုထုတယ်။ ရွံ့နဲ့ထုတယ်။ အဲဒါကို ဒီစီလီကွန်လုပ်တဲ့ ကိုအောင်ကျော်ထွန်းက ဖိုင်ဘာနဲ့ မိုပြန်လုပ်ပေးတယ်။ သူတို့နှစ်ယောက်ပေါင်းလုပ်တာပေ့ါနော်။ ကိုအောင်ကျော်ထွန်းက ဒီဖိုင်ဘာမိုလုပ်ဖို့အတွက် အကူအညီပေးတယ်။ အဓိက ပန်းပုဆရာကတော့ ကိုတင်ဝင်းထွန်း (ပေါင်းတည်)ပေ့ါ။ အဲဒါကိုလုပ်ပြီးတော့ ကျွန်တော်တို့က ကန်တော့ပွဲမှာ ကန်တော့ကြတယ်။

 

အခုလက်ရှိမှာတော့ ဆရာဦးမင်းဝေအောင်ဟာ ပန်းချီဆရာများအားလုံးနဲ့စုစည်းပြီး ဆရာကြီး ဦးသုခ ဖောင်ဒေးရှင်းကို တည်ထောင်ပြီးတော့ နှစ်စဉ် ဆရာကန်တော့ပွဲများ ပြုလုပ်ခြင်း၊ အသက်အရွယ်ကြီးပြီ ဖြစ်တဲ့ပန်းချီဆရာများကို ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ မျိုးဆက်သစ်လူငယ်မျာအတွက်လည်း ပညာရည်ချွန်ဆု ချီးမြှင့်ပေးခြင်းစတဲ့လုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။

ဟုတ်ကဲ့ဆရာ ဒီကျောင်းတက်ပြီးတော့အခါကျတော့လေး နောက်ပိုင်းမှာကော ကျောင်းပြီးသွားတဲ့ အခါကျတော့ ဆရာအနေနဲ့ဘာတွေဆက်လုပ်ဖြစ်သေးလဲ ခင်ဗျာ။

၁၉၈၂ မှ ကျောင်းပြီးတယ်ပေ့ါဗျာ။ ကျောင်းပြီးတာနဲ့ကျွန်တော်တို့က ဒီပန်းချီကားရေးတဲ့ လိုင်းကို တန်းမရောက်သေးဘူး။ အဲဒီအချိန်တုန်းက ဒီမဂ္ဂဇင်းသရုပ်ဖော်တွေ ရေးရတယ်။ ကျွန်တော်တို့ခေတ်တုန်းက ဒီလိုမျိုးပန်းချီကားရေးတာက ခေတ်မစားဘူး ပေါ်ပြူလာလဲ မဖြစ်ဘူး။ ပြပွဲတွေဆိုတာကလည်း ကျွန်တော်သိသလောက် တစ်နှစ်မှတစ်ပွဲလောက်ပဲရှိတယ်။

အဲဒီတော့ ဘာတွေလုပ်ကြရလဲဆိုတော့ ကျွန်တော်တို့ကျောင်းဆင်းတဲ့သူငယ်ချင်းတွေ ရုပ်ပြတွေ ရေးကြတယ်။ တချို့ကျတော့ ရုပ်ရှင်ပိုစတာတွေဘက်ကိုသွားတယ်၊ တစ်ချို့ကျတော့လည်း မဂ္ဂဇင်း သရုပ်ဖော်ပုံတွေသွားတယ်။ ကျွန်တော်တို့ကလည်း အဲဒီလိုမျိုးပေါ့နော်။ ပန်းချီကျောင်းဆင်းပြီးတာနဲ့ မဂ္ဂဇင်းသရုပ်ဖော်ပုံလိုင်းရောက်သွားတာပေ့ါ။

 

ဆိုတော့ ဆရာအဲဒီတော့ ပန်းချီကားတွေကို ဘယ်နှစ်ခုနှစ်လောက်မှ စပြီးတော့ ရေးဆွဲပြီးတော့ ဆရာပြပွဲအနေနဲ့ကော ဘယ်လောက်လောက်မှ စပြီးလုပ်ဖြစ်လဲဆရာ။

ကျွန်တော်ထင်တယ် ၈၅၊ ၈၆ လောက်မှာထင်တယ်။ ဆရာဦးဘရန်ကုန်ကဆိုတာ ဦးဆောင်ပြီးတော့ ဖဆပလက ငှပျောတောပေ့ါနော်။ အဲဒီတုန်းက ငှက်ပျောတောကြီးနေရာမှာ အဲမှာဘာမှမရှိဘူး။ အဲဒီမှာ သူကဦးဆောင်ပြီးတော့ အလာဘဆိုတဲ့ ပန်းချီးပြခန်းဖွင့်တယ်။ အဲဒီမှာဘယ်သူ တွေပါလဲဆိုတော့ ကိုဝသုန်တို့ ကိုမောင်မောင်သိုက်တို့ ဒီစာနယ်ဇင်းဘက်ကနော် ကိုမိုက်မိုက်တို့ ကိုတင်မောင်မြင့်တို့ နောက် ကိုမောင်မောင်အောင်တို့ အများကြီးပေ့ါ။

 ဒီဘက်ကဆို ပန်းချီရေး တယ်ဆိုရင်လဲ ကိုမြင့်စိုးတို့ ကိုဘဆွေတို့ ကိုရာဇာတို့ အများကြီးပေ့ါ။ နောက် ဒီဆရာကြီး ရန်ကုန် ဘဆွေက ဂယ်လာရီလုပ်တော့ ကျွန်တော်က အဲဒီမှာ အစောင့်အနေနဲ့ သွားနေရတယ်။ နေပြီးတော့ အခုနက ပန်းချီအသိုင်းအဝိုင်းနဲ့ ရင်းနှီးမှုရတာပေ့ါနော်။ အဲဒီတော့ အဲဒီမှာတင် ပန်းချီကားရေးတဲ့ဥစ္စာနဲ့ ပိုပြီးတော့ ရင်းနှီးသွားတာပေ့ါနော်။

 

ဟုတ်ကဲ့ပါဆရာ အဲဒီတော့လေး ဆရာအနေနဲ့ ဒီလိုမျိုး ပန်းချီပြပွဲတွေလဲ မလုပ်ဖြစ်ခင်ပေ့ါနော်။ ကျောင်းမှာလည်း ကျောင်ပြီးကာစမှာပေ့ါ ဆရာဘဝမှာ အောင်မြင်မှုမရသေးတဲ့အချိန်လို့ပြောရမှာပေ့ါ။ အဲဒီအချိန်မှာ ဘယ်လိုမျိုးမှတ်မှတ်ရရပေ့ါနော်။ ဆရာအနေနဲ့ အခက်အခဲတွေကော ကြုံတွေခဲ့ရလဲ ဆရာ။

အဲဒါအခုနပြောသလို ကျွန်တော်ပန်းချီကျောင်းသားဘဝကတော့ အခက်အခဲတွေအများဆုံပေ့ါနော်။ အဲဒီတော့ လူကလည်း ကျွန်တော်တို့က ငယ်ငယ်ကတည်းက ဆင်းရဲတဲ့မိဘတွေက ပေါက်ဖွားလာ တာဆိုတော့ ဒီအဆောင်မှာလည်းနေရတဲ့အခါကျတော့ ကိုယ်စီးဖို့ဖိနပ်တောင်မှ ဖိနပ်တစ်ရံကို အကြာကြီးစီးရတာပေ့ါ။ ဖိနပ်တွေကလည်း ပေါက်ပြဲနေတာပေ့ါနော် နောက်မြီးပါး ပြတ်ရင် ကျွန်တော် သံနဲ့ရိုက်၊ ပါးတဲ့နောက်မြီးနဲ့ဖိနပ်နဲ့ဘဲ အသစ်မဝယ်နိုင်ဘူးပေ့ါနော်။ ဘာဖြစ်လို့လဲဆိုတော့ မိဘကဆင်းရဲတာကို အဲဒီတုန်းက စီးခဲ့တဲ့ဖိနပ်လေးကို ကျွန်တော်ပန်းချီကား ပြန်ဆွဲဖြစ်တာပေါ့နော်။ အမှတ်တရပြန်ဆွဲဖြစ်တာပေ့ါ အဲဒီတုန်းက ကျွန်တော် တတိယနှစ် ကျောင်းသား ဘဝကပေါ့။

 

ဒီဖိနပ်ကလေးတစ်ရံကို ဆွဲထားတဲ့ ပန်းချီကားလေးဟာ သူ့ဘဝအတွက်တော့ ငယ်စဉ်က မပြည့်စုံမှု တွေကို အမြဲတမ်းအမှတ်တရရှိနေခဲ့တဲ့ ပုံရိပ်ကလေးတစ်ခုပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေကျရင် ဒီမနက်ဘက် မနက်စာကိုမစားရဘူး။ တစ်ခါတစ်လေကျရင်  ကန်ဇွန်းဥပြုတ်ကလေးနဲ့ စားတယ်။ တစ်ခါတစ်လေကျရင် နေ့လည်စာမစား ညစာကျမှပေါင်းစားတာ ရှိတယ်။ အဲဒီတုန်းက ရတဲ့ပိုက်ဆံ အရမ်းနည်းတာကိုး။ ဖဆပလမှာနေတုန်းကဆိုရင်လည်း အခုန ကျွန်တော်ပြောတဲ့ အလာဘဆိုတဲ့ ပြခန်းမှာနေတော့ ပြခန်းပျက်သွားတော့ ကျွန်တော်က အဲဒီပြခန်းမှာ ရှိတဲ့ ဖျက်ပစ်လိုက်တဲ့ သစ်သားတွေအဲဒီမှာ ကျွန်တော်တို့က ပန်းချီကားချိတ်တော့ ဒီလိုမျိုး သုံးထပ်ပြားတွေနဲ့မဟုတ်ဘူး။ ဂုံနီအိတ်တွေကို ဆေးသုတ်ပြီးတော့ ချိတ်ထားတာ။ အဲဒီဥစ္စာတွေနဲ့ အဲဒီပစ္စည်းတွေကို ကျွန်တော်က အဲမှာတဲလေး ပြန်ဆောက်လိုက်တယ်။

ဆောက်လိုက်ပြီးတော့ အဲဒီက သစ်တွေရယ် မိုးတော့လည်း အဲဒီဂုံနီအိတ်တွေ မိုးထားတာ။ အဲဒါနဲ့ ကျွန်တော်အဲမှာ တဲလေး ဆောက်ပြီးနေလိုက်တယ်။ မိုးတွင်းလည်း ကျလည်းကျကော အခုနက ဂုန်းနီအိတ်တွေ မိုးထားတွေက အကုန်လုံးရေတွေကျပေါ့နော်။ အဲဒီတော့ အဲဒီလိုမျိုး ကြမ်းတမ်းတဲ့ဘဝမှာ နေရတာပေ့ါ။ အဲဒီမိုးရေတောထဲမှာ စာအုပ်တွေလည်း စိုပေ့ါနော်။ မိုးလွတ်တဲ့နေရာလည်း ရှာပြီးနေရတာပေ့ါ။ အဲဒီမှာ တိုက်ဖွိုက်တောင်ဖြစ်တယ်။ တိုက်ဖွိုက်ဖြစ်တဲ့အခါကျတော့ အဲဒီမှာ ကာတွန်းမောင်မောင်က သူ့အိမ်ခေါ်ထားတယ်။ တောင်ဥက္ကလာမှာ အဲဒီမှာ သူ့အိမ်မှာသွားနေ၊ သူတို့က ပြုစုတာပေါ့နော်။ ကိုမောင်မောင်ဇနီးကလည်း အဲလိုမျိုးပေ့ါ။  ပြုစုတယ်။ နောက် ဆရာမဒေါ်ခင်ဆွေဦးရဲ့သမတ် မောင်မောင်စော သူကဆရာဝန် သူကလာပြီးတော့ ဆေးလာကုပေး တယ်။ အဲဒီလိုမျိုးပေါ့။ အဲဒီတော့ ဒီကြမ်းတမ်းတဲ့ဘဝတွေက ကျွန်တော်တို့က ဘယ်လိုဖြစ်ရလဲဆို တော့ ကိုယ့်ရဲ့ ဆင်းရဲတဲ့ဘဝကို ရုန်းကန်ချင်တာပေ့ါနော်။ အဲဒါနဲ့ နောက်ပြီးတော့ မခံချင်စိတ်နဲ့ ကြိုးစားရတာပါပဲ။

 

အဲဒီတော့ အဲလိုမျိုးပေ့ါနော် ဆရာအနေနဲ့ ကြိုးစားနေတဲ့အချိန်မှာကော ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာပေ့ါနော်။ ဟာငါမှားသွားပြီလို့ နောင်တရခဲ့တဲ့အချိန်တွေကော ရှိခဲ့လား။

မရှိဘူး။ မရှိဘူးဆိုတော့ အခုနလိုမျိုးပေါ့နော် ဒုက္ခရောက်တယ်ဆိုတာက ရောက်နေတာပဲရှိတယ်။ အဲဒီဒုက္ခဆိုတဲ့စကားလုံးကို မေ့နေတယ်။ အဲဒီတော့ ပျော်နေတာကိုး။ ကိုယ်ဝါဿနာပါတဲ့အလုပ် နောက်ဒီအလုပ်ကိုလည်း နောင်တရတယ်ဆိုတယ်ဆိုတာလည်း မဖြစ်ခဲ့ဖူးဘူး။ ဘယ်လောက်ပဲ ခက်ခဲပေမဲ့ ကျွန်တော်တို့ ဒီပန်းချီဆွဲတဲ့ လုပ်ငန်းပေါ့နော်။ အဓိကကတော့ ဥပမာဆိုရင် ကျွန်တော်တို့ ဒီပန်းချီကားဆွဲတဲ့ ဥစ္စာဆိုရင် ကျွန်တော်တို့ရတဲ့ငွေက အရမ်းဖြူစင်တာ ပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ ဝယ်တဲ့လူက သူတို့က တမြတ်တနိုးနဲ့ ဝယ်ကြတာလေ။

ကျွန်တော်တို့က အတင်းရောင်းတာလည်းမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ပန်းချီကားကို တမြတ်တနိုးနဲ့ဝယ်တယ်။ ပြီးရင်သူတို့က နယ်မှာချိတ်လိုက်ရင် သူတို့က ကြည်နူးမှု ခံစားမှုရတယ်။ ဆိုတော့ အဲဒီရတဲ့ငွေနဲ့ ကျွန်တော်တို့က ရပ်တည်ရတာပေ့ါ။ အဲဒီတော့ ဒီဥစ္စာကို ကျွန်တော်တို့ ဟိုဆင်းရဲတဲ့ဥစ္စာတွေကိုလည်း နောင်တရမိတာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရတဲ့ငွေက ဖြူစင်တာပေ့ါနော်။

 

ဆရာအခုအဲဒီတော့လေ ဘုန်းကြီးကားတွေကိုပဲ ဆရာ ပန်းချီးဆွဲတာ များတယ်လို့ ကျွန်တော်ထင် တယ်လေ။ နောက်ပြီးတော့ ဆရာဆွဲတာကားတော်တော်များများက နောက်ကျောကနေပြီးတေ့ာ ဆွဲတာများတယ်။ အဲ့ဒါ ဘာကြောင့် ဘယ်လိုအိုင်ဒီယာလေးရပြီးတော့ ဆွဲဖြစ်သွားတာလဲ ဆရာ။

အဲဒါကဒီလို။ ဒီဘုန်းကြီးကားတွေ ကျွန်တော်စဆွဲတာက ၁၉၈၉ လောက်မှာ အဲဒီတုန်းက ဆွဲတာက ရေဆေးကားအသေးလေးပေ့ါနော် အဲဒီတုန်းက ကျွန်တော် မှတ်မှတ်ရရပေ့ါနော် ကျွန်တာ်အဲဒီတုန်းက အဲဒီခေတ်က ကျွန်တော်တို့က ကိုယ်ပိုင်ဓာတ်ပုံမကိုင်နိုင်ဘူး။ အဲဒီအချိန်တုန်းက ဘာတွေအဓိက အားထားလဲဆိုတော့ မြဝတီမှာ ဓာတ်ပုံပြိုင်ပွဲတွေရှိတယ်။ အဲဒီက ပုံလေးတွေ ကျွန်တော်ပန်းချီကား တွေ ရေးရတာပေ့ါနော်။ အဲဒီအထဲမှာ မြဝတီဓာတ်ပုံပြိုင်ပွဲထင်တယ်။ အဲဒီမှာ ဓာတ်ပုံတစ်ပုံပေ့ါနော်။ အဲဒီဓာတ်ပုံတစ်ပုံက ဒီပုဂံမှာရှိတဲ့ မီးမလောင်ကျောင်းမှာ ရဟန်းတစ်ပါး နောက်ကျောကနေ ဆွမ်းခံကြွသွားတာ။

အဲဒီဟာတွေကျွန်တော်တွေ့တော့ အဲဒီကနေပြီးတော့ ကျွန်တော်နှစ်ပါးကို ယူလိုက်တာပေ့ါနော်။ ယူလိုက်ပြီးတော့ နောက်ထပ်ငါးပါးကို ကိုယ့်ဟာကို အသစ်ဖြည့်လိုက်ပြီးတော့ ကိုယ်ဟာကိုယ် ရေဆေးကားလေး ဖန်တီးလိုက်တာပေ့ါနော်။ သူဓာတ်ပုံနဲ့လည်းမတူတော့ဘူး ဒါပေမဲ့ အခုနလိုမျိုးပေ့ါ အိုင်ဒီယာရတာက သူ့စီက နှစ်ပါးပေ့ါနော်။ အဲဒီဥစ္စာကလည်း အဓိက ပါတာပေါ့။ ပြီးတော့ နောက်ပန်းချီကားကိုလည်း ကျွန်တော်က သူများတွေဆွဲနေကျနဲ့ မတူအောင်ပေါ့နော်။ အဲလိုမျိုး ရဟန်း ၇ ပါးတည့်တည့် ဆွမ်းခံမကြွဘဲနဲ့ S composition လို့ခေါ်မှာပေါ့နော် အဲဒီပုံစံမျိုး ဆွမ်းခံကြွတာလေး ရေးလိုက်တယ်။

 ပြီးတော့ ရေးတော့လည်း ကျွန်တော်က foreground လည်းမပါဘူး။ background လည်း ဘာမှ မပါဘူး။ ဒီရဟန်းသံဃာတွေ ကြွတာအဓိကကိုဘဲ ရေးလိုက်တယ်။ အဲဒီကားလေးက အဲဒီအချိန်တုန်း က အရမ်းရောင်းရတာပေ့ါနော်။ ကျွန်တာ်တို့ ၈၉ ခုနှစ်တုန်းက ဂယ်လာရီလုပ်တုန်းက သံတမန်တွေဘဲ  ဝယ်တာရှိတယ်။ အဲဒီတော့ နိုင်ငံခြားသား ဒီ သံတမန်တွေက ကျွန်တော့ကားကို တစ်ယောက်ဝယ်သွားလိုက် သူ့အိမ်မှာ နောက်တစ်ယောက်ကတွေ့ရင် ကျွန်တော့ဆီမှာ ထပ်ပြီးအပ် လိုက်နဲ့ အဲဒီကားပဲ တော်တော်များများရေးဖြစ်တာပေါ့။ ကျွန်တော်စဆွဲတုန်းက ကျွန်တော့်စိတ်ထဲမှာ က သူတို့ရဲ့ပေ့ါနော် ရဟန်းသံဃာတော်တို့ရဲ့ လမ်းလျှောက်တဲ့ဟန်ပေ့ါနော် လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူးပေ့ါနော်။ နောက်ပြီးတော့ ဒီသင်္ကန်းတွေက လမ်းလျှောက်တဲ့အပေါ်မူတည်ပြီး တော့ ရွေ့သွားတာတွေ အဲဒါလေးတွေအဓိကထားပြီး ဆွဲသွားတာပေ့ါ။

ဒါပေမယ့် အခုနက ကျွန်တော်က ၉၉ ခုနှစ်မှာ လန်ဒန် Modern Art Gallery မှာ သွားပြတဲ့အခါကျတော့ အဲဒီမှာ လန်ဒန်မှာရှိတဲ့ ဒေါက်တာ မောင်မောင်ရေးဆိုတာ စားရေးဆရာဦးထင်လင်းရဲသမက် သူက ပန်းချီဆရာပဲ။ ပန်းချီလည်းဆွဲတယ် ဟိုမှာ ဆရာဝန်လုပ်တယ်။ သူနဲ့ရင်းနှီးတေ့ာ သူပြပွဲကိုလာတယ်။ ပြပွဲကိုလာတဲ့အခါကျတော့ သူကနေပြီးတော့ အဲဒီကလူတွေက မေးတာပေါ့နော် ဘာကြောင့်ဆွဲလဲ ကျွန်တော်ကလည်း ကိုယ် ရိုးရိုးသားသားဘဲ ကိုယ်ဆွဲနေကြ မဟုတ်ဘူး။

သူက ဟာဒါတဲ့ ရဟန်းသံဃာတော်တွေက ဒီနောက်ကျောပေးသွားတာဆိုတော့ လူ့ဘောင်ကို ကျောခိုင်းပြီးတော့ ဒါ နိဗ္ဗာန်ကိုသွားတာဆိုပြီး့ သူက အဲလိုကိုပြောလိုက်တာ။ အဲဒါလေးက ကျွန်တော့်ရင်ထဲမှာ သွားမိတာပေ့ါနော်။  ပထမကျွန်တော်ရေးတာတော့ ကျွန်တော်က သူတို့ရဲ့ composition ကို ကြိုက်တယ်။ သူတို့ရဲ့ လမ်းသွားပုံတွေကို ကြိုက်တယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုက်တယ်။  သင်္ကန်းတွေလွင့်သွားတာလေး ဒါပေမယ့် သူပြောလိုက်တာတွေက အရမ်းကောင်းသွားတာ။ ဒါသူ့ရဲ့ ကျေးဇူးပေ့ါနော် အဲဒါနဲ့ နောက်ပိုင်းပန်းချီကားတွေ ဆွဲတဲ့အခါကျတော့ အဲဒီဥစ္စာလေးကို ရင်ထဲမှာ ထားပြီးဆွဲဖြစ်တာပေ့ါ။

 

ဆရာဦးမင်းဝေအောင် ပန်းချီရေးဆွဲသည့်အခါ ထူးခြားချက်တစ်ခုကတော့ သံဃာတော် တွေနဲ့ သီလရှင်များရဲ့ ပုံတွေကို နောက်ကျောမှရေးဆွဲတာဖြစ်ပါတယ်။ သူရေးဆွဲထားတဲ့အရောင်တွေ ကလည်း သာမန်ပန်းချီကားတွေနဲ့မတူဘဲနဲ့ တောက်ပတဲ့နောက်ခံအရောင်တွေကို သုံးဆွဲထားလေ့ရှိ ပါတယ်။

အဓိကကတော့ ဒီဘုန်းကြီး သံဃာတော်တွေ ရေးဆွဲဖြစ်တဲ့အကြောင်းကတော့ ဆက်လက်မတ်တတ် ရေးဖြစ်တာ။ ဒီ ၉၃ ခုနှစ်မှာ ကျွန်တော်အမေရိကန်နိုင်ငံကို ကျွန်တော်တို့ တစ်လကြာကြာလေ့လာရေး သွားရတယ်။ အဲဒီတုန်းကပေါ့နော် international visitor program ဆိုတာရှိတယ်။ IV program ပေ့ါ။ အဲဒါက အမေရိကန်သံရုံးကစီစဉ်တာ။ ကျွန်တော်ရယ် ပိဿနိုးဦးတင်ဝင်းရယ်၊ နောက်အမေရိကန် သံရုံးက ဦးစံနီငြိမ်းရယ်။ အဲဒီအမေရိကန်နိုင်ငံကို သွားလေ့လာတဲ့အခါကျတော့ ကျွန်တော်တို့ အဲဒီအချိန်ကျတော့မှ တကယ့်ကမ္ဘာကျော်ကားတွေလည်း တွေ့ရတာပေ့ါနော်။ အဲဒီမှာ ပန်းချီဆရာတွေနဲ့လည်းတွေ့ရတယ်။ မြူစီရမ်တွေလည်း တွေ့ရတယ်။ ပြပွဲတွေလည်း ရောက်တဲ့အခါ ကျတော့ အဲဒီမှာရှိတဲ့ ပန်းချီဆရာတွေ ဘယ်လိုလုပ်တယ်ဆိုတာ အဲဒီတော့မှ နဖူးတွေ့ဒူးတွေ့ တွေ့ရတာ။

အဲဒီတော့ တော်တော်များများကြည်လိုက်တဲ့အခါကျတော့ ပန်းချီဆရာတွေဟာ တစ်ခုခုကို စိုက်လိုက်မတ်တပ်လုပ်ကြတာလေး အခုနေပေ့ါနော် ပင်လယ်ကားရေးတတ်လို့ ပင်လယ်ကားကြီးဘဲ။ တစ်ချို့က လူပုံရေးရင် လူပုံတွေကြီးဘဲ၊ တစ်ချို့က ရေဆေးဆိုရင် ရေဆေးပဲပေ့ါ။ ကျွန်တော်တို့ဆီမှာ ကတော့ အစုံလုပ်ရတာပေ့ါနော်။ ကိုယ့်နိုင်ငံအခြေအနေက ရှုခင်းလည်းရေးတယ်၊ ခဲပုံလည်းရေးတယ်။ ရေဆေးကားလေးရေးတယ်။ ဆီဆေးလည်းရေးတယ်။ ပန်းကားလည်းရေးတယ် အစုံရေးကြတာပေ့ါ။ အဲဒီတော့ customer က ကျွန်တော်တို့ရဲ့ ဥစ္စာကို ပန်းချီကားကြည့်ပြီးတာနဲ့ ဒါမင်းဝေအောင်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူများရေးလို့ ကျွန်တော်ရေးနေတာ။ အဲဒါနဲ့ ၉၃ မှာကြတော့ တစ်ခုခုပြောင်းရမယ်ဆိုတာ ကိုယ်ကသိလာတာပေ့ါနော်။

ဒါပေမဲ့ ချက်ချင်းတော့ မပြောင်းဖြစ်သေးဘူး။ ၉၄ တစ်ခါ ဘာပြန်ဖြစ်လဲဆိုတော့ ပြပွဲလုပ်တော့ ကျွန်တော်အရွေးခံရတယ်။ အဲဒီမှာ ကျွန်တော် Workshop သွားလိုပ်တယ်။ အဲလိုမျိုးပဲ အာရှနိုင်ငံမှာရှိတဲ့ ပန်းချီဆရာတွေနဲ့ ကျွန်တော်တို့ အတူတူ ကိုယ့်အခန်းနဲ့ကို Workshop လုပ်တော့ သူတို့လုပ်တာတွေကြည့်တယ်။ သူတို့ရဲ့ စာအုပ်တွေတွေ့တဲ့အခါ အခုနလိုမျိုးပေ့ါနော် တစ်ခုခုကို  စိုက်လိုက်မတ်တတ်လုပ်ကြတဲ့လူတွေချည်းပဲ ။ အီဒီတော့ ၉၄ ပြန်လာတဲ့အခါကျရင် ပြတ်ပြတ်သား သားပေါ့ တစ်ခုခုကို လုပ်ရမယ်ဆိုတဲ့အသိကရလာတာပေ့ါ။ အဲဒါနဲ့ ရဟန်းသံဃာတော်တွေကားတွေ ကို လုပ်ဖြစ်မယ်ဆိုပြီးတော့ ဆွဲဖြစ်တာပဲ။

 

ရဟန်းသံဃာတော်တွေကို အဓိကထားပြီးတော့ အများဆုံးရေးဆွဲဖြစ်ခဲ့တဲ့ အကြောင်းအရင်းကလည်း သူ့ရဲ့ဘဝအတွေ့အကြုံကြောင့် ဆွဲဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ အခုလိုမျိုး ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချခဲ့ပြီး ပုံစံတစ်မျိုးတည်းကို ရေးဆွဲရာကနေ ယခုအချိန်မှာတော့ သူရဲ့ထူးခြားတဲ့ ရေးဆွဲတဲ့ဟန်နဲ့ ပန်းချီလက်ရာတွေဟာ ကမ္ဘာကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီတော့ ဒီလောကမှာ အနုပညာလောကမှာ မဟုတ်ပါဘူးဆရာ နေရာတိုင်းမှာပေ့ါနော် ဘဝကိုအောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့လူငယ်တွေရှိပါတယ်ဆရာ၊ တစ်ချို့ကျတော့ ဒုက္ခ ရောက်ပြီးတော့ စိတ်ဓာတ်ကျအားငယ်နေကြတာပေ့ါ။ အဲလိုလူမျိုးအတွက်ကော ဆရာအနေနဲ့ ဆရာဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ဘယ်လိုမျိုး အားပေးစကားပြောချင်လဲ ဆရာ။

အခုလူငယ်တွေကတော့ပေ့ါ ကျွန်တော်တို့ခေတ်ကနဲ့စာရင် အများကြီး သာတယ်ပေါ့နော်။ သူတို့ ကားတွေကြည့်လိုက်ရင်လဲ အရမ်းကောင်းကြတာတွေ့တယ်။ ကျွန်တော်တို့လိုအခက်အခဲတွေ သူတို့မှာ သိပ်မရှိတော့ဘူးပေ့ါနော်။ ကျွန်တော်တို့တုန်းက ပြခန်းပြဖို့ကလည်း ပြခန်းနည်းတယ်။ သူတို့မှာဆိုရင်လဲပြခန်းတွေလဲ အများကြီးရှိတယ်။ ပြပွဲဆိုလည်း အများကြီးလုပ်နိုင်တယ်။

တစ်ခုပဲ ပေ့ါနော် ကျွန်တော်တို့ကျတော့ ဒီလိုမျိုးလိုင်းတစ်လိုင်းရဖို့ကို အခက်အခဲတွေအမျိုးမျိုးနဲ့ လုပ်ကြရတာ။ သူတို့ကျတော့ လုပ်ချင်တဲ့တစ်ခုခုကိုပေ့ါနော်။ စိုက်လိုက်မတ်တတ် ယုံယုံကြည်ကြည်ပေ့ါနော်။ ကိုယ်ယုံကြည်ရာကို ရဲရဲလျှောက်နိုင်မယ်ဆိုရင်တော့ အောင်မြင်မှုရမှာပဲ။ အခုနလိုမျိုး ေ၀ဝါးနေရင်တော့ အခုနေ ဒါလေးစမ်းလုပ်လိုက်၊ မဖြစ်ဘူးဆိုရင် နောက်တစ်မျိုးစမ်းလုပ်ကြည့်လိုက် ဆိုရင်တော့ အဆင်မပြေဘူး။ ကိုယ်လုပ်လိုက်တဲ့ဥစ္စာတစ်ခုကို ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်သွား မယ်ဆိုရင် တစ်နေ့နေ့တော့ အောင်မြင်မှုရမှာပဲ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly