စင်ကာပူ၊ ဒီဇင်ဘာ ၅။ ။ စင်ကာပူနိုင်ငံသည် သွေးလွန်တုပ်ကွေးနှင့် အခြားသော ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများ တိုက်ဖျက်ရေးတွင် အထောက်အကူပြုမည့် ခြင်သားဖောက်စခန်းကို ဖွင့်လှစ်သည်။
ယင်းသားဖောက်စခန်းမှ အလိုအလျောက် ကိရိယာများဖြင့် သုတေသီများက မျိုးမအောင်သည့် ခြင်ထီးများကို သားဖောက်မွေးမြူမည်ဖြစ်သည်။
အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီ NEA လက်အောက်က ခြင်သားဖောက်စခန်းတွင် ခြင်များ၏ ရောဂါသယ်ဆောင်ကူးစက်စေမှု စွမ်းဆောင်ရည်ကို လျှော့ချနိုင်ပြီး မျိုးမအောင်မှုကို ဖြစ်စေနိုင်သော wolbachia ဗက်တီးရီးယားပိုး ပါရှိနေသည့် အေဒိစ်ခြင်များကို ဆယ်ဆကျော်မက သားဖောက်မွေးထုတ်နေပြီ ဖြစ်သည်။
ယင်းစခန်းအနေဖြင့် wolbachia သယ်ဆောင်သော အေဒိစ်ခြင်များကို သီတင်းပတ်တစ်ပတ်လျှင် ကောင်ရေ ငါးသန်းကျော် သားဖောက်သွားရန် ရည်မှန်းထားသည်။
စင်ကာပူ၏ ယင်း Project Wolbachia စီမံချက်အရ သုတေသီများသည် wolbachia ဗက်တီးရီးယားပိုး သယ်ဆောင်သော ခြင်ထီးများကို မြို့တွင်းရှိ ခြင်များထက် ပိုမိုများပြားအောင် သားဖောက်ပြီး လွှတ်ပေးမည်ဖြစ်သည်။
ထိုအခါ အဆိုပါ ခြင်ထီးများက wolbachia ဗက်တီးရီးယားပိုး မပါရှိသည့် မြို့တွင်းက အေဒိစ်ခြင်မများနှင့် မိတ်လိုက်ရာမှ မျိုးမအောင်သော ဥများသာ ပေါက်ဖွားလာမည်ဖြစ်သည်။
ထိုသို့ ဆက်လက် လွှတ်ပေးသွားခြင်းဖြင့် မြို့တွင်း ခြင်ကောင်ရေနှုန်းထားကို လျှော့ချနိုင်မည်ဖြစ်ပြီး သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွားမှု နှုန်းထားပါ ကျဆင်းလာရန် မျှော်လင့်ဖော်ဆောင်ခြင်း ဖြစ်သည်။
စင်ကာပူတွင် အေဒိစ်ခြင်များသည် တုပ်ကွေးနှင့် ဇီကာကဲ့သို့ ရောဂါပိုးများ ကူးစက်ပြန့်နှံ့စေရာ အရင်းခံအကြောင်းရင်းအဖြစ် ရှိနေသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/