နိုင်ငံ့အကြီးအကဲများ၏ လုံခြုံရေးအတွက် ကျည်ကာ လန်ခရူဆာ ခြောက်စီး ဝယ်ယူမည်

နိုင်ငံ့အကြီးအကဲများ၏ လုံခြုံရေးအတွက် ကျည်ကာ လန်ခရူဆာ ခြောက်စီး ဝယ်ယူမည်
 ၂၀၁၇ခုနှစ်အတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာခရီးစဉ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ။          ။ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည်တွင်း ခရီးစဉ်အတွင်း ဘေးကင်းလုံခြုံရေးအတွက်  ကျည်ကာ လန်ခရူဆာကား ခြောက်စီးကို ဝယ်ယူသွားနိုင်ရေး အခွန်ကင်းလွတ်ခွင့်ပြုပေးပါရန် နိုင်တော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော် တောင်းခံလိုက်သည်။

အဆိုပါ ကျည်ကာကား ခြောက်စီး ဝယ်ယူမည့် အခြေအနေနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်း တင်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်က ဝယ်ယူမည့် မော်တော်ယာဉ် အမျိုးအစားမှာ တိုရိုတာ လန်ခရူဆာToyota Landcruiser (Bullet Proof) (2020) ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ် ခြောက်     စီးအတွက် ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးမှာ အခွန်မပါ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃၅၉၂ သိန်း ကျသင့်မည်ဖြစ်သည်ဟု သိရသည်။  ထိုတန်ဖိုးသည် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁၅၀၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော်နှင့် ညီမျှသည်။
 
မော်တော်ယာဉ် ခြောက်စီးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရံပုံငွေအဖြစ် ကျပ် ၁၂၄၉ ဒဿမ ၉၉၈ သန်း ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်းဝင်းက ပြောသည်။
 
 ယခုကဲ့သို့ ကျည်ကာကားများဝယ်ပြီး လုံခြုံရေး အဆင့်အတန်း မြှင့်တင်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ သန်လျင်မြို့နယ်၊ပြည်သူ့လွှတ်တော်အမတ် ဦးလွင်ကိုလတ် က လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်းတွင် မီဒီယာများကို ပြောသည်။

 

“နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးဟာ ဂရုစိုက်ရမယ်၊ အထူးသဖြင့် ပြည်သူက ရွေးချယ်ထားတဲ့ နိုင်ငံ ခေါင်း ဆောင်တွေရဲ့ လုံခြုံရေးဟာ ပိုပြီးတော့ ဂရုစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို ဂရုစိုက်တာဖြစ်သလို ပြည်သူရဲ့ ဆန္ဒကိုလည်း ဂရုစိုက်ပြီး လုံခြုံရေးပေးတဲ့ ပုံသဏ္ဍာန်မျိုးလည်း သက်ရောက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် ကျသင့်မည် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂၃၁၅ သိန်းကို အခွန် ကင်းလွတ်ခွင့် ရရှိနိုင်ရေး ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပါရန်လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ မော်တော်ယာဉ် ခြောက်စီးကို ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန် ဆိပ်ကမ်းအရောက် တန်ဖိုး(CIF Yangon) ဈေးနှုန်းဖြင့် တိုက်ရိုက် မှာယူသည့်စနစ်ဖြင့် ဝယ်ယူ သွားမည်ဟု လည်း ၎င်းက လွှတ်တော်တွင် ရှင်းပြသွားသည်။

နိုင်ငံ့ခေါင်းဆောင်များအတွက်ဟု ရည်ညွှန်းပြောကြားသွားသော်လည်း မည်သည့်ရာထူးများအတွက်ကိုမူ ပြောဆိုသွားခြင်းမရှိပါ။

အတိုက်အခံပါတီတစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တရားဥပဒေ စိုးမိုးမှသာလျှင် နိုင်ငံသားအားလုံး လုံခြုံမည်ဖြစ်ပြီး နိုင်ငံခေါင်းဆောင်များ လုံခြုံရေးထက် နိုင်ငံသူ/နိုင်ငံသားများ၏ လုံခြုံရေးကို ဦးစား ပေးသင့်ကြောင်း မှတ်ချက်ပြုသည်။

“ခေါင်းဆောင်တစ်ဦးထဲ လုံခြုံနေလို့ကတော့ ပြည်သူတွေအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်မယ်။ ပြည်သူ တွေကလည်း ဒီကိစ္စကို ခေါင်းဆောင်တွေက အခွင့်ထူးခံလားဆိုပြီး မေးစရာရှိမယ်” ဟု ၎င်းက ဆိုသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က မာဆဲဒီးစ် B 6 Armored Sedan Based on Mercedes S500L (V221) အမျိုးအစား ကျည်ကာကား ငါးစီး ဝယ်ယူရန် လွှတ်တော်သို့ တင်ပြခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးခဲ့ဖူးသည်။

အဆိုပါ ကျည်ကာကား ခြောက်စီး တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ပြုရေး ကိစ္စနှင့်ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလ ၁၁ ရက်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များက ဆွေးနွေးကြ မည်ဖြစ်ပြီး လွှတ်တော်တွင်း နေရာအများစုရထားသည့် အာဏာရပါတီ အမတ်များ၏ ထောက်ခံမဲဖြင့် အတည်ပြု နိုင်ဖွယ်ရှိသည်။

အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ (၉)၊ ပုဒ်မခွဲ (ခ)တွင် “ပြည်ထောင်စု အစိုးရအဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုနိုင်သည်” ပြဋ္ဌာန်းထားသည်။

အာမခံကြေးတင်သွင်းရမှုလျော့ချလိုကြသဖြင့် ကျည်ကာလန်ခရူဆာကားများကို ရေနံကုမ္ပဏီများကဲ့သို့သော နိုင်ငံစုံကုမ္ပဏီကြီးများက အသုံးများလာခဲ့သည်။ ဓနကြွယ်ဝသူများအတွက် ပြန်ပြေးဆွဲခံရခြင်းနှင့် လမ်းပေါ်ဆူပူအကြမ်းဖက်မငများမှ ကာကွယ်နိုင်ရန် အသုံးပြုလာများလာခဲ့ကြသည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် ပါရှိသည်။

အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကတို့တွင်လည်း လျို့ဝှက်ရဲတပ်ဖွဲ့နှင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များအသုံးများသော ယာဉ်တစ်မျိုးဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly