မွန်ပြည်သစ်ပါတီနှင့်တပ်မတော် ဆွေးနွေးမှု သဘောတူညီချက် မရရှိသေး

မွန်ပြည်သစ်ပါတီနှင့်တပ်မတော် ဆွေးနွေးမှု သဘောတူညီချက် မရရှိသေး
ပုံ - ရိုက်တာမွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)တပ်ဖွဲ့ဝင်များ

ရန်ကုန်၊ ဒီဇင်ဘာ ၅။        ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့နယ်တွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့ကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပက်သက်၍ ဆွေးနွေးမှုများ လုပ်နေသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း NMSP ၏ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းက မဇ္ဈိမသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ဘုရားသုံးဆူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတည် ရှိရာ ဂျပန်ရေတွင်းရွာရှိ စခန်းအနီးတွင် တပ်မတော်နှင့် NMSP ၏ လက်အောက်ရှိ မွန်အမျိုးသား လွတ်မြောက် ရေးတပ်(MNLA) ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တစ်စုံ တစ်ရာ သဘောတူညီချက် မရသေးကြောင်း သိရသည်။

NMSP ၏ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းက “၂ (ဒီဇင်ဘာ ၂ ရက်)ရက်နေ့မှာ နှစ်ဖက်တွေ့ပြီး ဆွေးနွေး တာကိုတော့ သိတယ်။ ဒါပေမယ့် အသေးစိတ် ကိုတော့ ကျွန်တော်လည်း မပြောနိုင်ဘူးဗျ။ ဆွေးနွေးတာက အထက် ကိုတင်ဖို့ ကိစ္စတွေဘာတွေ ရှိသေးတော့ မပြီးသေးဘူးလို့ ပြောရမှာပေါ့။ အဆင်မပြေသေးလို့ ပြောရမှာ ပေါ့” ဟု ပြောသည်။

 

တပ်မတော်မှ ကြာအင်းဆိပ်ကြီးဗျူဟာသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် နေခြင်းအပေါ် ဆွေးနွေးရန် ဘုရားသုံးဆူမြို့နယ်ရှိ NMSP ဆက်ဆံရေးရုံးသို့ သွားရောက်စဉ် NMSP ၏ လက် အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA)ဘက်က ပစ်ခတ်လာခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)မှာ ဖြေရှင်းနိုင်ကြောင်း မဇ္စျိမသို့ ပြော သည်။

“ ကျွန်တော် ပြောနိုင်တာကတော့ ဒါနဲ့ပက်သက်ပြီး JMC-S က သွားတွေ့တာလည်း ရှိပြီးပါပြီ။ JMC-S က ဖြေရှင်းပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော် ကြားမှာတော့ ဖြေရှင်းလို့ မရနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောသည်။

NMSP နှင့် တပ်မတော်ကြား ဒီဇင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ထပ်မံ ဆွေးနွေးကြမည့် ရက်ကို အတည်ပြုနိုင်ခြင်း မရှိသကဲ့သို့ တပ်မတော် စစ်ကြောင်းမှာလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဂျပန်ရေတွင်း ဂိတ်တွင် တပ်စွဲထားဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဘက်မှ သိရသည်။

တပ်စွဲထားခြင်းမှာ လုံခြုံရေးအရ တပ်စွဲထားခြင်းဖြစ်နိုင်ပြီး သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းမှ ဆွေးနွေး ညှိနှိုင်းမှု များ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကို မဇ္ဈိမက ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသည့် တပ် ဖွဲ့လည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required