အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်

အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။          ။ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား၂၀၂၀ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ စာကြည့်တိုက်ကို ၃၁ လမ်း နှင့် ၃၂ လမ်းကြား၊ ကုန်သည်လမ်းမပေါ် တွင်ဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး  အဆောက်အဦးသစ် ပြန်လည်မွမ်းမံတည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှ စတင် လုပ်နေခြင်း ဖြစ်သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦးတွင် ဝင်ပေါက် နှစ်ပေါက်၊ အထပ် လေးထပ်ပါရှိမှာ ဖြစ်ပြီး မြေညီထပ်တွင် ပြပွဲ ကျင်းပပြုလုပ်နိုင်မည့် ခန်းမ၊ ဂျပန်နိုင်ငံမှ TRC ကုမ္ပဏီ နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ရှားပါး ပေပုရပိုဒ်များကို ပြသထားမည့်  ပြတိုက် တို့ပါဝင်သည့် အပြင် ၁၉၆၂ မတိုင်မီ မှ ၂၀၁၂ ခုနှစ် အထိ ထုတ်ဝေထားသည့် စာအုပ်၊ မဂ္ဂဇင်း နှင့်  ဂျာနယ်များကို စင်ပိတ်စနစ်ဖြင့် ထားရှိမည် ဖြစ်သည်။

 သတင်းအချက်အလက်များရယူလိုအပ်ပါက စာကြည့်တိုက် ဝန်ထမ်း မှ တစ်ဆင့် ထုတ်ယူပေးမည်ဖြစ်ကာ  စာကြည့်တိုက် အတွင်းရှိ စာအုပ်များကို  Radio Frequency ID လုံခြုံရေးစနစ် ထည့်သွင်းထားမည် ဖြစ်သည်။

 ပထမထပ်တွင် စာကြည့်တိုက်လာရောက်သူများ အတွက် Multimedia Room ထားရှိပေးမည်ဖြစ်ကာ ဘာသာစကား၊ အကြောင်းအရာများကို ရှာဖွေနိုင်မည်ဖြစ်ပြီး Digital Library မှ တစ်ဆင့်လည်း Online မှ တစ်ဆင့် ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးသွားမည်ဟု သိရသည်။

 ဒုတိယထပ်တွင် လူအယောက် ၂၅၀ ဆံ့ ပြည်တွင်း နှင့်  နိုင်ငံတကာ အဆင့် အစည်းအဝေးများ ကျင်းပနိုင်မည့်  ခန်းမ ပါဝင်မှာ ဖြစ်ပြီး ရည်ညွှန်းစာဖတ်ခန်း နှင့် တစ် လ အတွင်း ထွက်ရှိသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို လွတ်လပ်စွာ ဖတ်ရှုနိုင်မည့်အပြင် ၂၀၁၃ ခုနှစ် မှ ၂၀၁၉ ခုနှစ် အထိ ခုနှစ်နှစ်စာ ထွက်ရှိထားသည့်  သတင်းအချက်အလက်များကို  စင်ဖွင့်စနစ်ဖြင့် ဖတ်ရှုနိုင်မယ့် အထွေထွေ စာဖတ်ခန်း ကို ထားရှိမည် ဖြစ်သည်။

တတိယထပ်တွင် ကလေးစာကြည့်တိုက်၊ မသန်စွမ်း စာဖတ်ခန်း၊ စာကြည့်တိုက် ဒီပလိုမာ သင်ကြားရေးစင်တာအခန်း၊ စာကြည့်တိုက် ဝန်ထမ်း ရုံးခန်းနျင့်  သီးသန့်အုပ်စုလိုက် စာဖတ်နိုင်မည့် အထူးစာဖတ်ခန်းများ ပါဝင်မည် ဖြစ်ကာ အပေါ်ဆုံးထပ်တွင် ကော်ဖီဆိုင် တစ်ခုဖွင့်လှစ်ရန်ရှိပြီး  အဆိုပါ ကော်ဖီဆိုင်အား တင်ဒါစနစ် ဖြင့် ခေါ်ယူသွားမည်ဟု သိရသည်။

အမျိုးသား စာကြည့်တိုက် (ရန်ကုန်) တွင် လာရောက်စာဖတ်ရှုသူများ အနေဖြင့်  အခမဲ့ ဝင်ရောက်နိုင်ပြီး  မိမိတို့၏  နိုင်ငံသားကဒ်ယူဆောင်လာရမည် ဖြစ်သည်။ စာအုပ်ငှားရန်အတွက် Member ဝင်ရောက်ရမှာဖြစ်ပြီး  Member ကြေး ကောက်ခံသွားမည်  ဖြစ်ကာ  အဆိုပါ စာကြည့်တိုက်အား အပတ်စဉ် အင်္ဂါနေ့မှ စနေ နေ့အတွင်း မနက် ၉ နာရီ ၃၀ မိနစ်မှ  ညနေ ၄နာရီ ၃၀ အထိ ဖွင့်လှစ်သွားမည် ဟု သိရသည်။

၂၀၀၈ ခုနှစ် နာဂစ်အပြီးတွင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား တာမွေမြို့နယ် မှ ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပြီး အမျိုးသား စာကြည့်တိုက် ဥပဒေ ပြဌာန်းနိုင်ရန်လည်း  လွှတ်တော်တွင် တင်ပြထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly