စက်လှေအခက်အခဲကြောင့် လူ့အခွင့်အရေးကော်မရှင် ကျားဖောင်လုပ်ငန်းခွင်ကို မစစ်ဆေးနိုင်ခဲ့

စက်လှေအခက်အခဲကြောင့် လူ့အခွင့်အရေးကော်မရှင် ကျားဖောင်လုပ်ငန်းခွင်ကို မစစ်ဆေးနိုင်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။         ။  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ ပင်လယ်ပြင်ရှိ ကျားဖောင် လုပ်ငန်းခွင်များသို့ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် ဦးယုလွင်အောင်က ပြောသည်။

ကျားဖောင်လုပ်ငန်းခွင်များတွင် လုပ်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုများအပါအဝင် အဓမ္မခိုင်းစေမှုများ ဖြစ်ပွားနေသည်ဟူသော သတင်းများကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ဒီဇင်ဘာ ၂ ရက်တွင် သွားရောက် စစ်ဆေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး စက်လှေမရှိတာကြုံခဲ့ရသည်ဟု ဆိုသည်။

ဦးယုလွင်အောင်က “ပင်လယ်ပြင်က ၁၀ နာရီလောက် စက်လှေစီးရမယ်ဆိုတော့ ကျွန်တော်တို့ တော်တော်ကို အခက်အခဲ ရှိတယ်  သွားဖို့ မလွယ်ဘူးလေ၊ ပင်လယ်ပြင်အထိက မလွယ်ဘူး။ သွားစရာ စက်လှေမရှိဘူး” ဟု ဆိုသည်။

လတ်တလောတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကျားဖောင်များမှနေ၍ ကုန်းမြေပေါ်သို့ ပြန်လည် ရောက်ရှိလာသည့် ဖောင်လုပ်သားများကို အဓိကထား စစ်ဆေးနေကြောင်း၊ ထို့အပြင် ဖောင်ဦးစီးများ အပါအဝင် ဖောင်ဦးစီးချုပ်များနှင့် ကျားဖောင် လုပ်ငန်းရှင်များကို တွေ့ဆုံ စစ်ဆေးနေကြောင်း ကော်မရှင်ထံမှ သိရသည်။

“ ကွင်းဆင်း စစ်ဆေးတာကတော့ နောက်တစ်ရက်၊ နှစ်ရက်လောက်ပေါ့၊ ဒီဇင်ဘာ ၆ ရက်လောက်မှ ပြီးမယ်” ဟု  ဦးယုလွင်အောင်က ပြောသည်။

စစ်ဆေးပြီး ပြန်ရောက်လာပါက ကော်မရှင်အဖွဲ့ဝင်များ အစည်းအဝေး တစ်ရပ် ကျင်းပကာ တွေ့ရှိချက်များကို စိစစ်ကြ မည်ဖြစ်ပြီး စိစစ်မှုများ ပြီးစီးမှသာလျှင် စစ်ဆေးတွေ့ရှိချက်များကို ထုတ်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်သို့ ဒဂုံတက္ကသိုလ် ကျောင်းသားတစ်ဦး ရောင်းစားခံခဲ့ရပြီး တစ်လကြာသည့်နောက်မှသာ မိသားစုက လိုက်လံစုံစမ်းရှာဖွေတွေ့ရှိခဲ့မှု တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကျားဖောင်ဦးစီး ဦးကျော်အောင်နှင့် ဗလကြီး (ခေါ်) အောင်ဗလတို့ကို ဖမ်းဆီးထားပြီး ကျောက်တံတားမြို့မ ရဲစခန်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ကာလတာရှည်ကတည်းကဖြစ်ပွားနေခဲ့ေသာ်လည်း ကျားဖောင်လုပ်ငန်းများပေါ်တွင် လုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာသည့်နောက်ပိုင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စုံစမ်းမှုများ ပြုလုပ်ရန် ကြိုး စားလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျားဖောင်လုပ်ငန်းနှင့် ကိုက်ညီသည့် ဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း (သို့မဟုတ်)  ပြန်လည် ပြင်ဆင် မှုများ လုပ်ဆောင်ရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဖျာပုံခရိုင် ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးသံချောင်းက မီဒီယာ များကို  ပြောထားသည်။

လတ်တလောတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ်တော်အမတ်များနှင့်  ကျားဖောင်လုပ်ငန်းရှင်တို့ ပူးပေါင်း၍ အစည်းအဝေးထိုင်ပြီး ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly