လေလွင့်ကလေးများ၏ ဘဝအနာဂတ်အတွက် World Vision မှ စီစဉ်လုပ်ဆောင်နေ

လေလွင့်ကလေးများ၏ ဘဝအနာဂတ်အတွက် World Vision မှ စီစဉ်လုပ်ဆောင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။      ။ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ် ရောက်ရှိနေ‌‌သည့်   အသက် ရှစ် နှစ်မှ ၁၈ နှစ်ဝန်းကျင် အကြားရှိသော ကလေးငယ်များကို ကောင်းမွန်သည့် လမ်းကြောင်း ရရှိစေရေးအတွက်  World Vision က  စီစဉ်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အကောင်အထည် ဖော်ရန် လေလွင့်ကလေးငယ်များ၏ အနာဂတ်မျှော်လင့်ချက်အတွက် ရန်ပုံငွေရှာဖွေပွဲ အစီအစဉ်တစ်ခုကို   World Vision  က ဦးဆောင်ပြီး ဒီဇင်ဘာ ၄ ရက်နေ့က  ရန်ကုန်မြို့ ၊ Kafe In Town  တွင်  ပြုလုပ်ခဲ့သည်။

ကလေးငယ်အများစုသည်  လမ်းပေါ်တွင် လေလွင့်နေထိုင်ကာ တောင်းရမ်းစားသောက် နေကြသည်ဆိုသော်လည်း ဘဝရပ်တည်မှု အတွက်  အသက်မွေးကြောင်း ပညာရပ်များကို  သင်ကြားချင်သူများ ရှိနေသောကြောင့် ယခုစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

“  ဒီပွဲလေး လုပ်ရတဲ့ရည်ရွယ်ချက်က  လမ်းပေါ်မှာ ရောက်နေတဲ့ ၊ အကာအကွယ်မဲ့နေတဲ့ကလေးတွေကို ကူညီပေးဖို့  World Vision နဲ့  TODAY Ogilvy တို့  ပူးပေါင်းပြီး ရန်ပုံငွေ ရှာဖွေတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြဿနာက  မြို့ကြီးပြကြီးတွေမှာ အခုထိ ရှိနေတုန်းပဲ ။ ဒီဟာကို လူအများက ပိုပြီး သိလာအောင်  ၊ အတူတကွ ဆောင်ရွက်ကာ ဒီကလေးတွေကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြတ်နိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ် “ World Vision ၊ Associate Director နော်ဖီးဘီမှ   ဟု ပြောသည်။

အဆိုပါ ရန်ပုံငွေပွဲကနေ  ရရှိလာမည့်  အလှူငွေများကို လေလွင့်ကလေးများ၏   ပြန်လည်ထူထောင်ရေး အစီအစဉ်များ  မိသားစုများ ပြန်လည်ပေါင်းစည်းရေး နောက်ဆက်တွဲ ကူညီထောက်ပံ့မှုများနှင့် ကလေးသူငယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင်   အသုံးပြု မည်ဟု သိရသည်။

“  သူတို့ကို ကျွန်တော်တို့က ဘာလုပ်ပေးရမလဲ ဆိုတော့  ရေရှည်ရပ်တည်လာနိုင်ေအာင်   ပညာသင်ကြားပေးရမယ်။   အဲဒါမှ သူတို့က ရေရှည်မှာ ရပ်တည်လာနိုင်တဲ့ သူ ဖြစ်လာမယ်။ နေရာတကာမှာ အစိုးရကို အားကိုးတာမဟုတ်ဘဲ  Public Setter ကလည်း တက်နိုင်သလောက် ၊ နိုင်ငံအတွက် အရေးကြီးတဲ့ လမ်းဘေးရောက်နေတဲ့ ကလေးတွေကို  ကူညီပေးဖို့ အခွင့်အရေးရှိသလို   အခုလို ဝိုင်းဝန်းကူညီခြင်းဖြင့်  လူတွေက ဒါတွေကို ကူညီရမယ် ၊ စောင့်ရှောက်ရမယ်ဆိုတာ  သိလာမယ်ဆိုရင် အနာဂတ်အတွက် အထူးသဖြင့် လမ်းပေါ်ရောက်နေတဲ့ ကလေးတွေကို ကူညီခြင်း ဖြစ်ပါတယ် “  ဟု  TODAY Ogilvy  မှ ဥက္ကဌ ဖြစ်သူ ဒေါက်တာသာထွန်းဦးက  ပြောသည်။

လက်ရှိတွင် ကလေး အယောက် ၂၀၀၀ ကျော် အနက် ကလေး ၇၃၄ ယောက်သည်  မိသားစုနှင့် အတူ ပြန်လည်နေထိုင်နေကြပြီး  ကလေး ၁၃၆ ယောက်သည် အသက်မွေးပညာရပ် နှင့် လုပ်ငန်းခွင်ထဲ ဝင်ရောက်နေကြောင်း သိရသည်။

World  Vision  သည်  လေ့လွင့်ကလေးငယ်များအတွက် ကလေးသူငယ် ကာကွယ်ရေး အစီအစဉ်များကို ၁၉၉၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး  မန္တလေးနှင့်  ရန်ကုန်ရှိ  လေလွင့်ကလေးငယ်ပေါင်း ၂၀၀၀ ကျော်ကို ကူညီပေးခဲ့သည်။ လေလွင့်ကလေးငယ်များ စားသောက်နေထိုင်ရန် နှင့် သင်တန်းများ  တက်ရောက်နိုင်ရန်  ယာယီခိုနားရာ နေရာများကို လှိုင်သာယာ နှင့်  ဒဂုံမြို့သစ် အရှေ့ပိုင်းတွင်  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

လေလွင့်ကလေး အများစုသည်  မိဘများထံက ကောင်းမွန်သည့်  ထောက်ပံံမှု မရရှိခြင်း ၊  အိမ်တွင်းပြဿနာ နှင့်   အိမ်တွင်းအကြမ်းဖက်မှုများကြောင့် လမ်းမပေါ် ရောက်ရှိနေခြင်း ဖြစ်ကြောင်း  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly