ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် လူဦးရေ ခြောက်သောင်းကျော် သေဆုံး

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် လူဦးရေ ခြောက်သောင်းကျော် သေဆုံး
   ဒီဇင်ဘာ ၃ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲ(ဓာတ်ပုံ- ထက်မြတ်/မဇ္ဈိမ)

မန္တလေး(ဒီဇင်ဘာ ၃ရက်၊ ၂၀၁၉ခုနှစ်)။       ။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သောင်းကျော် သေဆုံးကြရသည့်အတွက် အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု လျှော့ချနိုင်အောင် ပညာပေးမှုအပြင် အရေးယူမှုအပိုင်းကိုပါ တိုးမြှင့်လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပြီ ဖြစ်သည်။

ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်အလိုက် စီမံချက် ရေးဆွဲကာ ဆေးလိပ်ငွေ့ကင်းစင်ဇုန်(ဆေးလိပ်မသောက်ရနယ်မြေ) များ သတ်မှတ်သွားမည် ဖြစ်သလို ဆေးလိပ်သောက်သုံးမှု လျှော့ချရေး အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယုယုဝေက ပြောကြားသည်။

“ပြည်သူတွေသိအောင် အသိပညာပေးရမယ်၊ ဆေးလိပ်၊ ဆေးရွက်ကြီးတွေက စွဲလမ်းစေတဲ့ ပစ္စည်းထဲမှာ ပါတယ်။ အဲ့ဒါကြောင့် အဓိက ကျောင်းတွေမှာ လုပ်မယ်၊ မသောက်သုံးသေးတဲ့ ကလေးတွေ အရင်ပညာပေးရမယ်။ သောက်တယ်ဆိုရင် ၂၀၁၆ခုနှစ် ဆေးလိပ်၊ ဆေးရွက်ကြီး ဥပဒေအရ ဘယ်လိုနေရာတွေမှာ သောက်ရမယ်ဆိုတာ ပါတယ်။ အဲ့ဒီအတိုင်း မသောက်ရင် အရေးယူမယ်။ ဆေးလိပ်ကိုလည်း တစ်လိပ်ခြင်း မရောင်းရဘူး၊ အခွန်တွေကိုလည်း တိုးကောက်မှာ” ဟု ဒေါက်တာ ယုယုဝေက ဆိုသည်။


 ဒီဇင်ဘာ ၃ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲ(ဓာတ်ပုံ- ထက်မြတ်/မဇ္ဈိမ)

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူပေါင်း ၆၅၆၅၁ ဦး သေဆုံးပြီး အဆိုပါ ပမာဏသည် စုစုပေါင်း သေဆုံးသူဦးရေ၏ ၁၇ ဒဿမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FACT SHEET 2018 MYANMAR တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပညာပေးမှုအနေဖြင့် ဆေးလိပ်ငွေ့ ကင်းစင်ဇုန်များ သတ်မှတ်ခြင်း၊ မြို့နယ်အလိုက် တာဝန်ရှိသူများကို ခေါ်ယူသင်တန်းပေးခြင်းနှင့် စာသင်ကျောင်း၊ ဘုရားနှင့် ဈေးကဲ့သို့ လူစည်ကားသော နေရာများတွင် ဆေးလိပ်သောက်သုံးမှု မရှိစေရန် ဆောင်ရွက်ခြင်း စသည်တို့ကို အရှိန်မြှင့် လုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ်ထားသည်။

“အရင်နှစ်တွေက ကိုယ့်အားလေးနဲ့ကိုယ် ဆောင်ရွက်ကြတာ ဖြစ်တယ်။ အခုကျတော့ ဝန်ကြီးဌာန လမ်းညွှန်ချက်တွေ၊ သင်ရိုးညွှန်းတမ်းတွေ အပါအဝင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာတွေကို လမ်းညွှန်လာပြီ” ဟု ဒီဇင်ဘာ ၃ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲတွင် ဒေါက်တာ ယုယုဝေက ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် ဆေးလိပ်ငွေ့ကင်းစင်ဇုန်များ သတ်မှတ်ထားပြီး ဖြစ်ကာ ထပ်မံ တိုးချဲ့သွားရန်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြိုးပမ်းနေသည်။

 ၂၀၁၆ခုနှစ်က ပြဋ္ဌာန်းထားသည့်  ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးခွင့် မပြုသော နေရာများတွင် သောက်သုံးပါက ငွေဒဏ်အဖြစ် ကျပ်တစ်သောင်းမှ ငါးသောင်းအပြင် ထောင်ဒဏ် တစ်လလည်း ချမှတ်နိုင်သည်ဟု သတ်မှတ်ထားသည်။ သို့သော်လည်း လက်တွေ့အရေးယူဆောင်ရွက်မှု အလွန်မင်းအားနည်းသည်။

၂၀၁၄ခုနှစ်က စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသားအားလုံး၏ ၄၃ ဒဿမ ၈ ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီး အမျိုးသမီးအားလုံး၏ ၈ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးကြသူများ ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် သုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly