ဆေးပညာသင်ကြားမှု သမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေး သုတေသနဌာနဖွင့်လှစ်

ဆေးပညာသင်ကြားမှု သမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေး သုတေသနဌာနဖွင့်လှစ်

ဒီဇင်ဘာ ၃၊ရန်ကုန် ။       ။  မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားမှုသမိုင်းတွင်  ပထမဆုံးဖြစ်သည့်   လေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာနကြီးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ  ရန်ကုန်ဆေးတက္ကသိုလ်(၁)ဝန်းတွင်  ဒီဇင်ဘာလ ၂ ရက် နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ သုတေသနဌာနအဆောက်အဦကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဆရာဝန် ၊  သူနာပြုနှင့်  ဆေးဘက်ဆိုင်ရာ ပညာရှင် ၊  ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ဆေးပညာ ကျွမ်းကျင်မှု လက်တွေ့သင်ကြား လေ့ကျင့်မှု နှင့်  သုတေသနလုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးတက် လုပ်ဆောင် နိုင်မည်ဟု သိရသည်။

မြန်မာနိုင်ငံ၏  ဆေးပညာသည်  တစ်ချိန်က ကမ္ဘာ့အဆင့်အတန်းရှိခဲ့သည့်အပြင် ရန်ကုန်ဆေးတက္ကသိုလ်(၁) သည်  အာရှဒေသ၏ အဆင့်(၂)နေရာတွင် ရပ်တည်ခဲ့ဖူးသည်။  အဆိုပါ အဆင့်ကို  ပြန်ရောက်ရန် နိုင်ငံတကာအဆင့်မီ သုတေသနဌာနများ လိုအပ်နေကြောင်း  ရန်ကုန်ဆေးတက္ကသိုလ်(၁) မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။

 “  မြန်မာပြည်ကနေ နိုင်ငံခြားကို ဆေးသွားကုတယ်။ အဲ့တာမျိုး နောက်မဖြစ်ရအောင် ၊ ကျွန်တော်တို့ဆီက ဆရာဝန် ၊ အထူးကုတွေက နိုင်ငံတကာ ထက်သာအောင် လုပ်ဖို့လိုတယ်။ အဲ့လိုလုပ်ဖို့ ဒီလိုစင်တာတွေရှိမှ ဖြစ်မှာ။ ဒီဟာတွေကို တည်ဆောက်တာ၊ နိုင်ငံတော်က သိန်းပေါင်း ခုနှစ်သောင်း ကိုးထောင်   ရင်းနှီးမြှုပ်နှံတာ ၊  ဒါကိုကြည့်မယ်ဆိုရင် နိုင်ငံတော်က  ပညာရေး ၊ ကျန်းမာရေး အားပေးတယ်။ဒါတွေက ကျွန်တော်တို့တိုင်းပြည် အဆင့် တက်ဖို့ ၊ နိုင်ငံတကာအဆင့်တက်ဖို့ ၊ အဆင့်မီဖို့၊ ကျော်ဖို့ သိပ်အရေးကြီးတယ်” ဟု ဆေးတက္ကသိုလ် (၁)  ရန်ကုန် ၏ ပါမောက္ခချုပ်  ဒေါက်တာ ဇော်ဝေစိုးက  ပြောသည်။

ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာနကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်က အဆောက်အဦအတွက် ခွင့်ပြုရန်ပုံငွေကျပ် သန်းကိုးထောင့်ရှစ်ရာကျော်အပါအဝင်  နိုင်ငံတကာ နှင့် ပြည်တွင်း ၊ ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေပစ္စည်း များပါ ပေါင်းထည့်လျှင် စုစုပေါင်း ငွေကျပ် သန်းပေါင်း တစ်သောင်း နှစ်ထောင် ကျော် သုံးစွဲခဲ့ကြောင်း သိရသည်။

 လေ့ကျင့်သင်ကြားရေး သုတေသနဌာနကြီးကို  ဆေးတက္ကသိုလ်များ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များ သူနာပြုတက္ကသိုလ်များနှင့် သားဖွားသင်တန်းကျောင်းများ အသုံးပြုနိုင်ရေး ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အထက်မြန်မာပြည်အတွက် သုတေသနဌာနကြီး တစ်ခုကိုလည်း မန္တလေးမြို့တွင် ဆောက်လုပ်ရန် အစီအစဉ်ရှိနေကြောင်း သိရသည်။

ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသနဌာနတွင် Non-Technical Skills သင်တန်းအမျိုးအစား ကိုး မျိုး နှင့် Technical Skill သင်တန်း အမျိုးအစား ၁၆ မျိုးတို့ကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly